ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်

စစ်ကောင်စီ တရားရုံးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်စားသည်ဟုဆိုကာ မတရား ထောင်ဒဏ်ခြောက်နှစ် ထပ်မံ ချမှတ်တာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ်က ယနေ့ ရှုတ်ချခဲ့ပြီး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချမှတ်ခံရတဲ့ ထောင်ဒဏ်ခြောက်နှစ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံထားရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို မတရား ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်တာကို ကျွန်တော် ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ အာဏာသိမ်းစ်ကောင်စီကို ကျွန်တော် တောင်းဆိုပါတယ်” လို့ ဂျိုးဇက်ဘော်ရယ်လ်က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားသမှုရှိဖို့ ၄င်းက အာဏာ သိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကိုဆန့်ကျင်ဖို့လှုံ့ဆော်မှု၊ ကိုဗစ်-၁၉ စည်းမျဉ်းနဲ့ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက အစိုးရအဖွဲ့ကိုဖြုတ်ချ ကာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့တာကြောင့် တိုတောင်းတဲ့ မြန်မာ့ဒီမိုကရေစီသက်တမ်းလည်း အဆုံး သတ်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စား မှု၊ မဲလိမ်လည်မှုစွဲချက်တွေနဲ့ တရားစွဲဆိုခဲ့တာကြောင့် စွဲချက်အားလုံးနဲ့သာ ပြစ်ဒဏ်ချပါက ထောင်ဒဏ် နှစ် ၁၀၀ ကျော် ကျခံရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ တွေ ဖြစ်ပွားစေခဲ့ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်(ပုံဟောင်း)။

ကိုးကား – AFP
Ref; EU Denounces Myanmar’s ‘Unjust’ Sentencing of Aung San Suu Kyi, Calls For Her Immediate Release