
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
SEA-Junction အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သည့် အာဆီယံအ ခြေခံမူများဖြစ်သည့် “ပြည်တွင်းရေးဝင်မစွက်ဖက်ရေး” နှင့် “ဘုံသဘောတူညီချက်များ” များနှင့် ပတ်သက်သည့် ကာတွန်းပြိုင်ပွဲတွင် မြန်မာကာတွန်းဆရာ ရဲသွေးနီက ဒုတိယ ဆုရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ အာဆီယံကာတွန်းပြိုင်ပွဲတွင် ဆုရရှိသည့် ကာတွန်းများအပြင် အခြားကာတွန်းများကိုလည်း SEA-Junction နှင့် Asia Justice and Rights တို့ ပူး ပေါင်းကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ကာတွန်းပြပွဲကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်ဆုရတာထက် မြန်မာပြည် လတ်တလောကြုံတွေ့နေရတဲ့ အကျပ်အတည်းကို အခြားနိုင်ငံ တွေကပါသိသာ မြင်သာလာအောင် ကျွန်တော်တတ်ထားတဲ့ ကာတွန်းပညာလေးနဲ့ ချပြခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော် ကာတွန်းတွေနဲ့နိုင်တဲ့ဘက်က တော်လှန်ခဲ့ပေမယ့် သတင်းဌာနတွေကလွဲရင် ခုလိုအခြေနေတွေကိုချပြခွင့်ရမယ့် ပြိုင်ပွဲမျိုးတော့ မရှိခဲ့ဘူး” ဟု ကာတွန်း ဆရာရဲသွေးနီ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကာတွန်းပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့တွင် အာဏာရှင်ဆန်ဆန် ပြောင်းလဲလာမှုများ၊ နိုင်ငံ ရေးတင်းမာမှုများ စသည့် အခြေအနေများကြောင့် အာဆီယံ ဘုံသဘောတူညီချက် နှစ်ချက်ဖြစ်သည့် ပြည်တွင်းရေးဝင်မစွက် ဖက်ရေး” နှင့် “ဘုံသဘောတူညီချက်များ” တို့ကို ပြန်လည်သုံးသပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့အမြင်ပြောရရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူတွေကလည်း တော်လှန်ကာတွန်းတွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ ကာတွန်းတွေက ခေတ်စနစ်ကို အနီးစပ်ဆုံးမြင်အောင်ပြနိုင်တဲ့ အတွက် အာဏာရှင်ကိုလက်မခံတဲ့သူတွေရဲ့ စိတ်နဲ တော်လှန်ကာတွန်းတွေ ထပ်တူကျတဲ့အခါ ပိုပြီး ကာတွန်းတွေအပေါ် အရင်ကထက်စိတ်ဝင်စားလာကြတယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးကာတွန်းတွေကို အသိအမှတ်ပြု လက်ခံကြတဲ့အပေါ်မှာ ခေတ်ကိုတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲပေးတဲ့ အရွေ့တစ်ခုလို့မြင်မိပါတယ်” ဟု ကာတွန်းရဲသွေးနီက ဆက်လက်ပြောသည်။
အဆိုပါ အာဆီယံ ကာတွန်းပြိုပွဲတွင် ကာတွန်းရဲသွေးနီ အပြင် အထူးဖော်ပြချက် အနေဖြင့် မြန်မာကာတွန်းအချို့လည်း ထည့်သွင်းဖော်ပြခံရ ကြောင်းလည်း သိရသည်။
ကာတွန်း ရဲသွေးနီသည် ဧရာ၀တီတိုင်းမ် သတင်းဌာနတွင်လည်း ကာတွန်းများရေးဆွဲလျက်ရှိသည့် ကာတွန်းဆရာ တစ်ဦး ဖြစ်သည်။
ဓာတ်ပုံ – Ye Zar Ni Aung
#ကာတွန်း #ဆုရ #အာဆီယံ #Ayeyarwaddy_Times