ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးတွင် တိုက်ပွဲများနီးကပ်လာသဖြင့် မြို့နေဒေသခံအချို့ ရှောင်တိမ်း ထွက်ခွာသူများရှိကြောင်း သိရသည်။

ပြင်ဦးလွင်နှင့် မိုင် ၂၀ ခန့်အကွာရှိ နောင်ချို ကံ့ကော်ကျေးရွာအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေ၍ ပြင်ဦးလွင်မြို့မှ ဒေသခံအချို့တိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်တွင်းတွင်လည်း တပ်မိသားစုအချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

“သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတဲ့မြို့ခံအချို့က ပြောင်းနှင့်နေကြပြီ။ တပ်ထဲမှာလည်း မိသားစုအချို့ပဲ ကျန်တယ်။ ပြောင်းတဲ့သူပြောင်းကုန်ပြီ။ သူတို့ဇာတိတွေဘက်ကို ‌သွားကြတာပေါ့။ ကိုယ့်အစီအစဉ် နဲ့ကိုယ်ရွှေ့ကြရတာ။ တပ်ကဘာမှမစီစဉ်ပေးဘူး” ဟု တပ်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြင်ဦးလွင်မြို့နှင့် တိုက်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် စစ်ကောင်စီတပ်က နယ်မြေအလိုက်ခွဲတမ်း ယူမှုများပင်ရှိနေပြီး မြို့ခံအချို့မှာ တိမ်းရှောင်ချင်သော်လည်း နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်၍ လုယက်ယူဆောင်ခြင်း၊ ဖောက်ထွင်းသယ်ဆောင်ခြင်းများပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်နေ ကြကြောင်း သိရသည်။

“မနေ့ကညနေ လောက်ကတည်းက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ။ ဝက်ဝံဘက်ကလည်း ပစ်တယ်။ ဘန့်ဘွေး အေးရှားဝေါဘက်ကလည်း လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်နေတာ။ မြို့နဲ့နီး လာပြီပေါ့။ ရှောင်တဲ့သူတွေရှောင်ကုန်ပြီ။ မြို့ထဲမှာတော့ သိပ်ပြီး ထူးထူးခြားခြား ရုတ်ရုတ်သဲသဲ မဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်က လုံခြုံရေးတွေ အရင်ထက်သုံးဆလောက် ချထားတယ်။ မြို့အစွန် ဘက်က ဆိုင်တွေတော့ ပိတ်ကုန်ပြီ”ဟု ပြင်ဦးလွင်ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

သဖန်း‌ဒေါက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့က မတ္တရာမြို့နယ်ရှိ သုံးဆယ်ပေး၊ ပေးတိုးရွာစဉ် တစ်လျှောက်ရှိ စစ်ရှောင်များ၏ နေအိမ်များမှ တန်ဖိုးရှိ ပစ္စည်းများနှင့် အိမ်ထောင်ပရိဘောဂများကို ဝင်ရောက်ယူဆောင်၍ ကားများဖြင့် မန္တလေးသို့ ပို့ဆောင်နေကြောင်း သိရသည်။

“စစ်ရှောင်ရွာတွေက တန်ဖိုးရှိပစ္စည်း၊ သံတို၊ သံစတွေကို ကားကြီး ကားငယ်တွေနဲ့ သယ်လာပြီး မန္တလေးမြို့ထဲက အဟောင်းဆိုင်မှာ ထုခွဲရောင်းချနေကြတာ စစ်တပ်ကကောင်တွေ။ သံပန်းတံတခါး တွေက အစမချန်ဘူး။ အခုပြင်ဦးလွင်လည်း အသံလှုပ်လှုပ်ကြားတာနဲ့ နေ အိမ်တွေမှာ လူမရှိရင် ဝင်ယူကြဖို့ ပြင်ဆင်နေလောက်ပြီ” ဟု မန္တလေးမြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခု အောက်တိုဘာ နောက်ဆုံးပတ်တွင် ထုတ်နုတ်အင်အားများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဘန့်ဘွေး၊ ဝက်ဝံဘက်မှ တောင်ခမ်း ဘက်သို့ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

စစ်ကူတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် ယခုအခါ ပြင်ဦးလွင်နှင့် နောင်ချိုကြား အုမ်းမ္မတီး၊ ကျောက်မဲလေးဘက်ခြမ်းအထိ စစ်ကြောင်းများခွဲ၍ ရောက်ရှိနေပြီးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်အင်အား ၂၀၀ မှာ စစ်တက္ကသိုလ် စတသမှ အင်အား ၅၀၊ တမာတောနည်းပညာတက္ကသိုလ် တနသမှ အင်အား ၅၀၊ တမာတောသိပ္ပံနှင့် သုတေ သနဌာန တသနမှ အင်အား ၅၀၊ တမာတောလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း တလအ မှ အင်အား ၃၀၊ တမာတော အင်ဂျင်နီယာ ကျောင်း တအရမှ အင်အား ၃၀ စုစုပေါင်း အင်အား ၂၀၀ ကျော်ကို တောင်ခမ်းသို့ ပို့ဆောင်ရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် စီစဥ်ညွှန်ကြားနေခြင်း ဖြစ်ကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကူအင်အားအများအပြား ထိုသို့ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း ရှေ့တန်းတပ်ရင်းများသို့ ပို့ဆောင်‌နိုင်ခြင်းမရှိသေးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် တောင်ခမ်းကို ထိန်းချုပ်နိုင်ရန်အတွက် ပြင်ဦးလွင်ဘက်မှ မြေပြင်စစ်ကြောင်း ထိုးရန် ပြင်ဆင်လာခြင်းဖြစ်သည့်အတွက် မြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

#မန္တလေး #ပြင်ဦးလွင် #တိုက်ပွဲ #နီးကပ် #မြို့ခံ #တပ်မိသားစု #တိမ်းရှောင် #စစ်ကောင်စီ #နေအိမ်များ #ဖောက်ထွင်း #Ayeyarwaddy_Times