(တမူး)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်မွန်တားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှစ၍ တမူးမြို့နှင့် ရှစ်မိုင်အကွာ တမူး – ကလေး လမ်းမအတိုင်း စစ်ကြောင်းထိုးသည့် စစ်ကောင်စီ လက်အောက်ခံစစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က မနက် ၅နာရီအချိန်လောက်က အရှလမ်းမအတိုင်း စစ်ကြောင်းထိုးလာလို့ နန်မွန်တားရွာအနီးမှာ ထိတွေ့မှုဖြစ်တယ်။ နှစ်ဖက်အကျဆုံးမှုရှိတယ်။ စစ်ကောင်စီလက်အောက်ခံ သုံးဦးသေပြီး တစ်ဦးအရှင်ဖမ်းမိတယ်” ဟု စစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူများနှင့် ဖမ်းဆီးရမိသူများမှာ စစ်ကောင်စီလက်အောက်ခံ ကသည်းတပ်ဖွဲ့ဝင်များဖြစ်ပြီး မြန်မာစကားမပြောတတ်ကြောင်း သိရသည်။

“ဖမ်းထားတဲ့သူက မြန်မာနိုင်ငံသား ကသည်းလူမျိုးလား၊ အိန္ဒိယဘက်က ကသည်းလူမျိုးလား သေချာ မသိရသေးဘူး။ မြန်မာစကားမပြောတက်ဘူး။ ကသည်းလူမျိုးဆိုတာဘဲ သိရသေးတယ်” ဟု စစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နန်းမွန်တာကျေးရွာအပါဝင် တမူး – ကလေး လမ်းမပေါ်ရှိ ကျေးရွာ လေးရွာခန့်က ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ရွာထဲမှာ စစ်တပ်နဲ့ပျူအပေါင်းပါတွေကလွဲရင် ဒေသခံတွေ နှစ်ထောင်လောက်က အကုန်ရှောင်ကြပြီ။ မြို့နဲ့နီးတော့ စစ်တပ်နဲ့ပျူတွေ ထပ်ရောက်လာရင် တိုက်ပွဲဖြစ်မှာကြောက်ရသလို ဖမ်းဆီးမှုတွေ ပြုလုပ်မှာလည်းကြောက်ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ တမူး – ကလေး လမ်းမတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

#တမူးမြို့နယ် #တိုက်ပွဲဖြစ်ပွား #စစ်
ကောင်စီလက်အောက်ခံ #၃ဦးသေဆုံး #တစ်ဦးအရှင်ဖမ်းမိ
#Ayeyarwaddy_Times