(တီးတိန်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်း ဧက ၂၀ ကျော်ကို နှစ်ရက်အတွင်း ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) ပြန်ကြားရေးတာဝန်ခံထံက သိရှိရသည်။

ဘိန်းခင်းပိုင်ရှင်များကို အသိပေးထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် PDF(ဇိုလဲန်း)နှင့်ပြည်သူ့ရဲတပ်ဖွဲ့(ဇိုလဲန်း)တို့က အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ဘိန်းစိုက်တာဟာ လူမျိုးကို ဖျက်ဆီးနိုင်သလို ပညာတက်လူငယ်တွေအများကြီးကိုလည်း ပျက်စီးနိုင်တယ်။ အချိန်ကြလာရင် လူမျိုးပါ တုံးသွားနိုင်ပါတယ်။ အဲ့ဒီအတွက် အခြေနေမဆိုးခင် အချိန်မှီတားဆီး၊ ဖျက်ဆီးတဲ့သဘောပါ” ဟု PDF(ဇိုလဲန်း) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကျန်ရှိနေသည့် ဘိန်းစိုက်ခင်းများကိုလည်း ဖျက်ဆီးနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင့် ၎င်းက ဆိုသည်။

ယခုနှစ်တွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ လူသူအရောက်နည်းပါးသည့် ဝေးလံခေါင်ဖျား တောတောင်များတွင် ဘိန်းစိုက်ပျိုးတောင်သူများသည် ယခင်နှစ်များထက် များပြားနေကြောင်း သိရှိရသည်။

“လူအရောက်နည်းတဲ့ နေရာမှာ အဓိက စိုက်ပျိုးကြတယ်။ စျေးက ကောင်းတော့ စိုက်တဲ့သူတွေလည်းများလာတယ်။ နိုင်ငံခြားမသွားတဲ့လူငယ်အများစုက ဘိန်းစိုက်ခင်းမှာ တစ်ရက် တစ်သောင်းကျပ်နဲ့ နေ့စားလုပ်ကြတယ်။ တမူး၊ ကလေးဘက်က လူငယ်တွေတောင် နေ့စားလာလုပ်ကြတယ်” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်နှစ်က ဘိန်းစိမ်း တစ်ပိဿာလျှင် ကျပ်သိန်း ၈၀ နှင့် ကျပ်သိန်း၁၀၀ ကြားရရှိခဲ့ပြီးယခုနှစ်တွင် ဘိန်းစိမ်း တစ်ပိဿာလျှင် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၁၇၀ ကြားရရှိနိုင်ကြောင်း ဘိန်းစိုက်တောင်သူများက ခန့်မှန်းထားသည်။

ယခင်က ဘိန်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယခုခါ PDF(ဇိုလဲန်း) က ပထမဆုံးအကြိမ်အနေဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။

#တီးတိန်မြို့နယ် #ဘိန်းစိုက်ခင်း #ဧက၂၀ကျော်ကို #PDF
#ဇိုလဲန်း #ဖျက်ဆီး #Ayeyarwaddy_Times