ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

လက်ရှိ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်း ငယ်သည် ဆိုင်ကလုန်းမုန်တိုင်း ဒါနာအဖြစ်ရောက်ရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို ဝင်ရောက်ခြင်းမရှိနိုင်ဘဲ ယင်းအရှိန်ဖြင့် မိုးကြီးနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၄ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ရောက်ရှိနိုင်ပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့် ဆာဂါကျွန်း တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း စစ်‌ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)ထံက သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဒါနာ အရှိန်ကြောင့် ယနေ့ အောက်တိုဘာ ၂၃ ရက် နှင့် လာမည့် အောက်တိုဘာ ၂၄ ရက်‌နေ့ အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း သိရသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ရန် မိုး/ဇလ က ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်း ကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။

မြန်မာ့ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေးရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဆိုင်ကလုန်းမုန်တိုင်း #ဒါနာ #မြန်မာနိုင်ငံ #မဝင်ရောက် #Ayeyarwaddy_Times