ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက် နှင့် ၃၀ ရက် နေ့များတွင် ဖမ်းဆီးခဲ့သည့် Red News Agency သတင်းထောက် တာလင်းမောင် နှင့် အလွတ်သတင်းထောက် နောင်ရိုးတို့ကို ပြန်လည်လွှတ်ပေးရန်နှင့် ဖမ်းဆီးရသည့်အကြောင်းအရင်းကို ဖြေရှင်းချက်ပေးရန် သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) က တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် သတင်းထောက်နှစ်ဦး၏ သတင်းအချက် အလက်အခြေအနေများ နှင့် တည်နေရာများကို KIA က အောက်တိုဘာ ၂၂ ရက်နေ့အထိ တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိကြောင်းကို Red News Agency အယ်ဒီတာဝင်းဇော်နိုင်က CPJ သို့ အီးမေးလ် ပို့ ပြောကြားခဲ့ ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ ပါဝင်ဆင်နွှဲ နေသူအားလုံးမှာ ဂျာနယ်လစ်တွေကို ပစ်မှတ်မထားပဲ ကာကွယ်ဖို့ တာဝန်ရှိတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာအာဏာသိမ်းစစ်တပ်လိုမျိုး သတင်းထောက်တွေကို သတင်းယူတာနဲ့ပတ်သက်ပြီး မဖမ်းဆီးသင့်ဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခုချက်ခြင်း ပြန်လွှတ်ပေးသင့်တယ်” ဟု CPJ ရဲ့ အရှေ့တောင်အာရှ အကြီးတန်းတာဝန်ရှိ သူတစ်ဦးဖြစ်သည့် Shwan Crispin ကပြောဆိုခဲ့သည်။

ထို့ပြင် CPJ မှ ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးအကြောင်းမေးမြန်းရန် KIA တာဝန်ရှိသူနှစ်ဦးထံ ဖုန်းခေါ်ဆိုမှုအပြင် စာဖြင့် မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း အကြောင်းပြန်မှု မရှိကြောင်း သိရသည်။

သတင်းထောက် တာလင်းမောင်နှင့် နောင်ရိုးတို့ နှစ်ဦးသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့အစည်းများမှ ဖမ်းဆီးခြင်းခံခဲ့ရသည့် ပထဦးဆုံး သတင်းထောက်များဖြစ်ကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံ တစ်ခုဖြစ်ပြီး အနည်းဆုံး သတင်း ထောက် ၄၃ ဦးခန့်မှာ အကျဉ်းချ ဖမ်းဆီးခြင်းခံထားရကြောင်းလည်း CPJ ၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆယ်စုနှစ်များစွာ ကြာမြင့်အောင် တိုက်ပွဲဝင်ခဲ့သည့် အင်အားကြီးမားသည့် တိုင်းရင်းသားလက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကိုးကား – Committee to Protect Journalists
ဓာတ်ပုံ – CPJ

#သတင်းထောက် #ဖမ်းဆီးခံရ #KIA #CPJ #လွှတ်ပေးရန်တောင်းဆို #Ayeyarwaddy_Times