ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့သော ပေါ်ပြူလာအရုပ်ဆိုင်မှ ဖခင်ဖြစ်သူ မီးလောင်ဒဏ်ရာများနှင့် သေဆုံးခဲ့ပြီး သားဖြစ်သူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

” မီးစလောင်တာကတော့ ဖယောင်းတိုင်ကနေ စလောင်တာပါ။ အဲ့ဆိုင်က အသက်(၈၇)အရွယ် အဘကတော့ မီးလောင်ဒဏ်ရာတွေနဲ့ဆုံးသွားတယ်။ ဆိုင်ရှင်ဖြစ်တဲ့သားဖြစ်သူကိုတော့ မီးပေါ့ဆမှုရယ် လူသေမှုရယ် ဖွင့်ထားတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ပေါ်ပြူလာအရုပ်ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးအောင်ကျော်လင်း (ခ) ဦးသေးသေးအား ဝါးခယ်မမြို့မရဲစခန်းမှ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့မှု ပုဒ်မ ၂၈၅ နှင့် လူသေမှုအတွက် ပြစ်ဒဏ် ပုဒ်မ ၃၀၄-ကတို့ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးအပါအ၀င် အရုပ်ဆိုင်၊ စက်ပစ္စည်းဆိုင်၊ စက်ချုပ်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်ခန်း၊ ရေခဲဆိုင်၊ အပေါင်ဆိုင်၊ ထီဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်နှင့် ဆံပင်အလှပြင်ဆိုင် စုစုပေါင်းဆိုင်ခန်း ၁၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်းတစ်ထောင့်တစ်ရာကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

#ဝါးခယ်မမြို့ #အရုပ်ဆိုင် #မီးလောင် #ဖခင်သေဆုံးသဖြင့်

#သားဖြစ်သူကို #ပုဒ်မ၂ခုဖြင့် #အမှုဖွင့်
#Ayeyarwaddy_Times