
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ၊ ငါးပြေမကျေးရွာရှိ ဒေသခံများအနေဖြင့် တောင်ပေါ်သို့ သစ်ဝါးခုတ်ရန်နှင့် ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်လိုပါက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံမှ ထောက်ခံစာယူရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါထောက်ခံစာအတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီး(ပြည်သူ့စစ်)များထံသို့ တစ်ပတ်တစ်ခါ တောင်ပေါ်တက်ရောက်ခွင့်အတွက် ထောက်ခံစာတစ်စောင်လျှင် ငွေတစ်ထောင်ကျပ်မှ သုံးထောင်ကျပ်အထိ ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံကျေးရွာသားများက ပြောသည်။
“တောင်ပေါ်ကို ဟင်းသီးဟင်းရွက်သွားခူးတာနဲ့ သစ်ဝါးခုတ်တာကအစ ခွင့်ပြုချက်လုပ်နေရတယ်။ ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ခေါ် ငါးပိကင်ရယ် အဖွဲ့ဝင် သောင်းနုရယ် ပျူစောထီးခေါင်းဆောင် ဂျိုကာ ခေါ် ပြောင်းကြီးရယ် သူတို့သုံးယောက်ပေါင်းပြီး ငွေတောင်းတယ်။ တစ်ပတ်တစ်ခါ တောင်ပေါ်တက်ခွင့်အတွက် စာလုပ်နေရတယ်။ မလုပ်ရင်တောင်ပေါ်တက်ခွင့်မပေးဘူး။ တစ်ပတ်တခါကို ၁၀၀၀ကျပ် တောင်းတာရှိတယ်။ တစ်ယောက်တစ်ထောင်ဆိုတော့ သုံးယောက်ဆိုရင် သုံးထောင်ပေးနေရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ငါးပြေမကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုအပြင် ရွာသားများကို ကင်းစောင့်ခိုင်းခြင်းနှင့် ကင်းလှည့်ခြင်းများ ပြုလုပ်ခိုင်းပြီး ကင်းမစောင့်နိုင်ပါက ကင်းကြေးအဖြစ် သုံးထောင်ကျပ် ပေးဆောင်ရကြောင်း ဒေသခံများထံက သိရသည်။
“တောင်ပေါ်ကို ခွင့်ပြုချက်ပါမှ သွားရမှာဆိုတော့ အဆင်မပြေတော့ဘူး။ အဲ့တော့ ညပိုင်းပါ ဧည့်စာရင်းစစ်တယ်ဆိုပြီး ရွာထဲကိုကင်းလှည့်ပြီး ညစဉ်ကင်းကြေး ကောက်နေတာ။ တစ်အိမ်ကို ၃၀၀၀ ပေးရတယ်။ မပေးရင် ယောက်ျားသားမှန်ရင် ညပိုင်းတညလုံးကင်းစောင့်ခိုင်းတယ်။ တညလုံး ဘာမှမပါပဲကင်းစောင့်ခိုင်းတာ။ တစ်ရက်ထဲပဲ ၁၀ယောက်လောက်ကင်းစောင့်ခံနေရတယ်” ဟု ငါးပြေမကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလနောက်ဆုံးပတ်ကလည်း ငါးပြေမကျေးရွာမှ ဒေသခံအမျိုးသမီးနှစ်ဦးသည် တောင်ပေါ်သို့ဟင်းသီးဟင်းရွက်များခူးပြီး ပြန်ဆင်းလာစဉ် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ပုသိမ်မြို့နယ်ရဲစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
#ဟိုင်းကြီး #ဒေသခံ #သစ်ဝါးခုတ်ရန် #ရပ်ကျေးအဖွဲ့ #ထောက်ခံစာလုပ်နေရ #Ayeyarwaddy_Times