ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ဧရာဝတီတိုင်းတွင် ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ် မှုများဖြစ်ပေါ်ပြီးနောက် နေအိမ်များပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ မိုးတစ်အားရွာပြီးတော့ လေပါ ပါတော့ တချို့ ဓနိမိုး ထရံကာ အိမ်လေးတွေဆို အမိုးတွေ လန်၊ ထရံတွေကွာ ဖြစ်ကုန်တာ၊ နေလယ်ပိုင်းမှာ ဖြစ်သွားတာက တော်တော်ဆိုးတယ်”ဟု သာပေါင်းမြို့နယ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုတွင် ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်အများစုခံခဲ့ရပြီး သာပေါင်း၊ ဒေးဒရဲ၊ မအူပင်နှင့် လေးမျက်နှာမြို့နယ်များတွင် နေအိမ် ၅၀ ကျော်ပျက်စီးဆုံးရှံးခဲ့ခြင်းဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်တွင် နေအိမ် ၃၀ လုံး ၊ သာပေါင်းမြို့နယ်တွင် ၁၀ လုံး၊ ဒေးဒရဲတွင် နေအိမ် ငါး လုံးနှင့် လေးမျက်နှာမြို့နယ်တွင် နေအိမ် ငါး လုံးပျက်စီးခဲ့ခြင်းဖြစ်ပြီး ပျက်စီးခဲ့သည့် နေအိမ်များအား သဘာ၀ဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်နေအိမ်များမှ ဒေသခံများသည့် ကျေးရွာဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများဆီသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေးဒရဲမြို့ခံအမျိုးသမီး တစ်ဦးထံက သိရသည်။

“ ခုတော့ အားလုံးအမျိုးတွေနဲ့ ဘုန်းကြီးကျောင်းသွားနေရတာ၊ ဒီဘက်မှာတော့ နည်းနည်းတော်သွားတယ်။ မနက်ဖြန် ပိုဆိုးလာမလားမပြောတက်သေးဘူး”ဟု ဒေးဒရဲဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လေပြင်းတိုက်ခတ်မှုခံရပြီးနောက်ပိုင်း ၂၄ နာရီကျော်ချိန်အထိ ထောက်ပံ့ကူညီပေးမှုများ မရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

#ဧရာဝတီတိုင်း #လေပြင်းတိုက်ခတ် #လူနေအိမ်၅၀ကျော် #ပျက်စီးဆုံးရှုံး #Ayeyarwaddy_Tim