
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ယခုရက်ပိုင်းမိုးကြီးမှုကြောင့် ရန်ကုန်မြို့အတွင်းရေကြီးရေလျှံမှုဖြစ်ပေါ်နေချိန် ငမိုးရိပ်နှင့် မဟူရာ တမံတို့တွင်လည်း ကန်ရေပြည့်မှတ်အထက် ၁ ပေကျော်ပိုနေကြောင်း သိရသည်။
ထိုသို့ ကန်ရေပြည့်အမှတ်ထက်ကျော်နေသော်လည်း ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ ယင်းတမံတို့၏ ရေပိုလွှဲများမှ ရေကျော်ခြင်းမရှိသေးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ( ငမိုးရိပ်တမံ) ထံက သိရသည်။
လက်ရှိတွင်ငမိုးရိပ်ဆည်အတွင်း မိုးရေချိန်လက်မ ၃ ဒသမ ၈၂ ဝင်ရောက်ကာ ငမိုးရိပ်တမံ၏ ရေပြည့်အမှတ်သည် ၁၀၇ ပေဖြစ်ပြီး လက်ရှိတွင် ၁ ဒဿမ ၇၅ ပေကျော်လွန်ရောက်ရှိနေသဖြင့် ၁၀၈ ဒဿမ ၇၅ ပေရောက်ရှိနေပြီး ၁၀၉ ပေဆိုပါက တမံရေပိုလွှဲမှရေကျော်လာမည်ဖြစ်ကြောင်း ငမိုးရိပ်တမံ တာဝန်ရှိသူက ဆိုထားသည်။
ငမိုးရိပ်၏ ရေကူဆည်ဖြစ်သော မဟူရာတမံ၏ ရေပြည့်အမှတ် ၂၁၆ ပေဖြစ်ပြီး လက်ရှိ ၂၁၇ ဒဿမ ၁၀ ဖြစ်၍ ရေပြည့်မှတ်ရောက်ရန်နီးလာပြီဖြစ်ကာ ကန်အတွင်း မိုးရေချိန် ၂ ဒဿမ ၉၅ လက်မဝင်ရောက်မှုရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
“ မိုးကတော့ ပညာရှင်တွေကြိုတင်ခန့်မှန်းချက်တွေအတိုင်း တော်တော်ကိုများပါတယ်။ ရေပိုလွှဲများမှ ရေမကျော်သေးပါဘူး။ ရေစီးရေလာမကောင်းတဲ့ မြို့ရွာရပ်ကွက်တွေမှာတော့ အရင်နေ့လိုပဲရေတွေ များနိုင်ပါတယ်” ဟု ငမိုးရပ်တမံတာဝန်ရှိသူက ရေးသားထားသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်း မြို့နယ်အများအပြားရှိရပ်ကွက်များအပါအဝင် ကားလမ်းမကြီး များပေါ်ထိ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်းရေဝင်ရောက်မှု များပြား လာသဖြင့်ရွှေ့ပြောင်းနေထိုင်နိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
“ရေကတဖြည်းဖြည်းတက်လာတာ ဖိနပ်ချွတ်ခုံကနေ အိမ်ထဲရေရောက်လာပြီ။ အိမ်ထဲမှာ ရေက ယောကျ်ားခြေသလုံးလောက် ရှိနေပြီ။ ပစ္စည်းတွေအချို့လည်းအမြင့်မှာတင်ထားတယ်။ ကျန်းမာရေး မကောင်းတဲ့ အမေ့ကိုတော့ သန်လျင်ဘက်က ဆွေမျိုးအိမ်ပို့ထားမလို့” ဟု ရွှေပြည်သာမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် လယ်ကွင်းအဟောင်းထဲနေထိုင်ကြသည့် ကျူးကျော်နေအိမ်များအားလုံးနီးပါး ရေနစ်မြုပ်နေပြီး စားဝတ်နေရေးခက်ခဲနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၅) ၊ (၇) ၊ (၉) ၊ (၁၉) နှင့် (၂၀) ရပ်ကွက်အပါအဝင် ဇီးကုန်းကျေးရွာအတွင်း ရေဝင် ရောက်မှုကြောင့် အိမ်ထောင်စုများကို ရေးဘေးကင်းလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများထံ ပြောင်းရွှေ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအတွင်း မိုးကြီးသည်းထန်စွာရွာသွန်းပြီး နေရာကွက်၍ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးများဖြစ်ပေါ်နိုင်သဖြင့် အနိမ့်ပိုင်းနေထိုင်သူများ သတိထားရန်လို အပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာက အသိပေးထားသည်။
ရန်ကုန်တိုင်းတွင် ငမိုးရိပ်ချောင်း ( ပုစွန်တောင်ချောင်း)၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်၊ လှိုင်မြစ်တည်ရှိပြီး ငမိုးရိပ်၊ မဟူရာ၊ ပေါင်းလင်း၊ လဂွမ်းပြင်၊ ကလီထော်၊ နှင့် တောင်လုံးမြောင်၊ တဘူးလှ၊ ဇာမဏီအင်း နှင့် ဘန့်ဘေးဘွေးကုန် ရေလှောင်တမံ ကိုးခုတည်ရှိနေခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ မီးသတ်တပ်ဖွဲ့
#ရန်ကုန်တိုင်းရေကြီးရေလျှံ #ငမိုးရိပ်ဆည်ရေပြည့်မှတ်ရေကျော် #မဟူရာဆည် #မိုးကြီးသည်းထန် #Ayeyarwaddy_Times