
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်၊ နောင်ချိုမြို့ နယ်၊ တောင်ခမ်းကျေးရွာကို စစ်ကောင်စီက သာလွန် အင်အားသုံး၍ စစ်ကူပို့ရန် လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ထုတ်နုတ်အင်အားများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဘန့်ဘွေး၊ ဝက်ဝံဘက်မှ တောင်ခမ်း ဘက်သို့ပို့နိုင်ရန် ယခု အောက်တိုဘာ နောက်ဆုံးပတ်တွင် ပို့ဆောင်နိုင်ရန် ကြိုးပမ်း နေကြောင်း သိရသည်။
စစ်ကူတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် ယခုအခါ ပြင်ဦးလွင်နှင့် နောင်ချိုကြား အုမ်းမ္မတီး၊ ကျောက်မဲလေးဘက်ခြမ်းအထိ စစ်ကြောင်းများခွဲ၍ ရောက်ရှိနေပြီးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်အင်အား ၂၀၀ မှာ စစ်တက္ကသိုလ် ဆက်သါယ်ရေးတပ်ဖွဲ့ (စတသ) မှ အင်အား ၅၀၊ တမာတောနည်းပညာတက္ကသိုလ် (တနသ) မှ အင်အား ၅၀၊ တမာတောသိပ္ပံနှင့် သုတေသနဌာန (တသန)မှ အင်အား ၅၀၊ တမာတောလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း (တလအ) မှ အင်အား ၃၀၊ တမာတောအင်ဂျင်နီယာကျောင်း (တအရ) မှ အင် အား ၃၀ စုစုပေါင်း အင်အား ၂၀၀ ကျော်ကို တောင်ခမ်းသို့ပို့ဆောင်ရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် စီစဥ်ညွှန်ကြားနေခြင်း ဖြစ်ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် တောင်ခမ်းရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကတည်းက သိမ်းပိုက်ထားရာ အမြောက် စခန်းတစ်ခုသာ တိုက်ရန်ကျန်ရှိတော့ပြီး အဆိုပါကျန်ရှိသည့်အမြောက်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။
တောင်ခမ်းတွင် အမတ ၂၀၆၊ အမတ ၃၅၄၊ အမြောက်ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ တို့ရှိပြီး အမတ ၃၅၄ တပ်ရင်းကိုသာ ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါအမြောက်တပ်စခန်းများ မကျစေရေးအတွက် ပြင်ဦးလွင်ရှိ နေရာသုံးခုထက် မနည်းမှအမြောက် လက်နက်ကြီးများ အထိုင်ချ၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
တောင်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အခြေစိုက် အမြောက်တပ်ရင်းများအပြင် ပြည်နယ် အသီးသီးမှထုတ်နုတ်တပ်အင်အားများနှင့် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် သင်တန်းသားများ ပူးပေါင်းခံစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
လတ်တလောတွင် တပ်အင်အားပေါင်းစုံမှ သင်တန်း သားနှင့် အရာရှိတပ်ဖွဲ့ဝင်များကိုပါ ထုတ်နုတ်၍ တောင်ခမ်းသို့ တိုက်ခိုက်ရန် စစ်ကောင်စီက ပို့လွှတ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-နောင်ချိုရှေ့တန်းစစ်မျက်နှာပြင်တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #စစ်ကောင်စီ #သာလွန် #အင်အား #စစ်ကူပို့ #Ayeyarwaddy_Times