
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရာသွန်းမှုကြောင့် ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး အထည်ချုပ်စက်ရုံနှင့် အသေးစားလုပ်ငန်းအချို့ အလုပ်ရပ်ဆိုင်းထားရကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်းရှိ မြစ်ချောင်းများနှင့်နီးစပ်သော မြို့နယ်များအပါအဝင် မြိုနယ်အချို့တွင် ရေနှုတ်မြောင်းပိတ်ကာရေစီးဆင်းမှုပိတ်ဆို့နေပြီး ယနေ့ ညနေပိုင်း အထိရေကြီး ရေလျှံလျက်ရှိကြောင်းသိရသည်။
အဆိုပါမြို့နယ်များရှိ အချို့ရပ်ကွက်များတွင် ပုံမှန်ရေကြီးလေ့ရှိသော် လည်း ယခုတစ်ခါတွင် ရေအနက်သည် အမျိုးသားတစ်ယောက်၏ ဒူးနှင့် ပေါင်လယ်ခန့် အထိရှိကြောင်းသိရသည်။
” အောင်ဆန်းမှာ ရေကဒူးကျော်တယ်။ ရေတွေကြီးလို့ အိမ်နားက အထည်ချုပ်စက်ရုံကို ပိတ်ထားတယ်။ နောက်ပြီးတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေထဲ ရေဝင်လို့မီးမလာဘူး ” ဟု အောင်ဆန်းရပ်ကွက် တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အင်းစိန်မြို့နယ်ရှိ ဖော့ကန်၊ စဉ့်ငူ၊ အောင်ဆန်းရပ်ကွက်များထံ ဓာတ်အားဖြန့်ဖြူးပေးသည့် ခေတ္တရာ ဓာတ်အားခွဲရုံဝင်းထဲသို့ ရေဝင်ရောက်သဖြင့် ဓာတ်အားပိတ်ထားကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ ဒဂုံမြို့သစ် ( အရှေ့ပိုင်း ၊ တောင်ပိုင်း၊ မြောက်ပိုင်း) ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လမ်းမတော်၊ လသာမြို့နယ်တို့တွင် ရေကြီးရေလျှံကြောင်းသိရသည်။
” မနက်က ဆိုင်ဖွင့်လိုက်တော့ ဆိုင်ထဲကနေ ရေတွေဝေါကနဲ့ကျလာတယ်။ ရေက ဒူးလောက်ရှိတယ်။ ကားလမ်းမတွေ၊ ပလက်ဖောင်းတွေထက် ဆိုင်ကနိမ့်တော့ ရေလျှံသွားတယ်။ ဆိုင်ခန်းထဲက ရေတွေ ခပ်ထုတ်ရတယ်။ ရေသုတ်ပြီးမှပဲ ဆိုင်ဖွင့်ရတော့တယ်။ မနက်ပိုင်းတော့ ဆိုင်ပိတ်ထားရတယ် ” ဟု ကားပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အမျိုးသားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းအနီးမြို့နယ်များရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံနေကြောင်း မြို့ခံများထံက သိရသည်။
ထို့ပြင် ယနေ့သည် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ဖြစ်ပြီး ဒီရေအတက်၊ အကျရှိနေသဖြင့် မြစ်ကမ်းဘေးရှိရပ်ကွက်များတွင် မြစ်ရေ၊ ချောင်းရေဝင်ကာ ရေကြီးရေလျှံနိုင်ကြောင်းသိရသည်။
လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန် တိုင်းဖြစ်ပေါ်ကာ ယင်းအရှိန် ကြောင့် ရန်ကုန်တိုင်းအပါအဝင် ဒေသ ၁၂ ခုတွင် မိုးကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ မီးသတ်တပ်ဖွဲ့
#ရန်ကုန်မြို့တွင်းရေကြီးရေလျှံ #စက်ရုံပိတ် #လုပ်ငန်းခက်ခဲ #မိုးကြီး #Ayeyarwaddy_Times