စစ်ကောင်စီတပ်က
ဧရာဝတီတိုင်းမ်

အောက်တိုဘာ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များ ကိုမီးရှို့ကာ ဒေသခံအရပ်သားပြည်သူ ငါး ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဘုတလင်မြို့ မြောက်ဘက် စီပါရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံအရပ်သားပြည်သူများကို သတ်ဖြတ်၍ ပစ္စည်းများကိုလုယက်ယူဆောင်ကာနေအိမ် များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“ရွာက အိမ်ခြေ ၆၀၀ လောက်ရှိတယ်။ ခဏခဏ ဝင်ပြီးမီးရှို့လို့ ၃၀၀ လောက်ပြာကျသွားပြီ။ သူတို့စစ် ကြောင်းထွက်လို့ ရွာထဲကိုဝင်ကြည့်တော့ အလောင်းတွေ တွေ့တာ။ ခြံစည်းရိုးတိုင်တွေမှာ ရုပ်ပျက်ဆင်း ပျက်လုပ်ထားခဲ့တာ။ အသားတွေကို စိမ်ပြေနပြေထိုင် ခြစ်ချထားသလို ရုပ်အလောင်းတွေရယ်။ ခေါင်းနဲ့ ခြေလက်တခြားစီ လုပ်ထားခဲ့တာ။ တကယ်ကို ရက် ရက်စက်စက်ကြီး သတ်ထားခဲ့တာ။ သုံးယောက်ကို ခေါင်းဖြတ်ပြီး နှစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာ။ ဆယ်ဝရွာမှာလည်း အိမ်ခြေ ၆၀ မီးလောင်ပြီး အလောင်းတစ်လောင်းတွေ့တယ်ကြားတယ်”ဟု ဒေသ ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၇ ရက်နေ့က စီပါရွာကို ဝင်ရောက်ခဲ့ပြီး ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆယ်ဝရွာဘက်သို့ ထွက်ခွာသွားချိန် ဒေသခံအချို့ ရွာအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ ရုပ်အလောင်းများကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများထဲမှ ခေါင်းဖြတ် အသတ်ခံရသူနှစ်ဦးမှာ အသက် ၅၀ ခန့်ဖြစ်ပြီး စိတ်ကျန်းမာရေး ချို့တဲ့သူပါဝင်ကာ ဘုန်းကြီးကျောင်းတွင်နေထိုင်သူများဖြစ်ကြောင်း သိရပြီး အသက် ၈၀ အရွယ်လည်း ပါဝင်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှစတင်ကာ ဘုတလင်မြို့ကို အနီးအနားရှိ‌ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ကလေး သူငယ်အပါအဝင် သေဆုံးသူအရပ်သားပြည်သူ ၃၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့ကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်ကြောင်းတစ်ခုလုံး ပျောက်ကွယ်ခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဘုတလင်မြို့ကို ယခုလိုဝင်ရောက်၍ မီးရှို့ဖျက်ဆီးကာ သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ် သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ဘုတလင်မြို့ပေါ်မှ ပြည်သူ ခြောက် ဦး၊ အောက်တိုဘာ ၁၃ ရက်တွင် မြောက်ကျီရွာမှာ ပြည်သူ ခုနစ် ဦး၊ ၁၇ ရက်နှင့် ၁၈ နေ့တွင် စီပါရွာမှ ပြည်သူ ငါး ဦးနှင့် တက်လှိုင်းရွာမှ တစ်ဦး၊ ၁၉ ရက်နေ့တွင် ဆယ်ဝရွာမှ ပြည်သူတစ်ဦးတို့ကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဘုတလင်ရှိ ကျွဲသေချောင်း၊ စီပါ၊ ဆယ်ဝ၊ တက်လှိုင်း၊ ဆင်သေချောင်း၊ စိုင်းပြင်လေး စသည့်ကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ညောင်ကန်ရွာနှင့် ကန်သာရွာကိုလည်း ယမန်နေ့က အောက်တိုဘာ ၁၉ ရက်နေ့က ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။

ယင်းသို့ဝင်ရောက်စီးနင်းနေချိန်တွင် စစ်ကောင်စီ လေကြောင်းမှ အနီးနားပတ်လည်ကို ဗုံးကြဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-သတ်ဖြတ်ခံခဲ့ရသည့် ဘုတလင်မြိုါ့နယ် စီပါရွာမှ ဒေသခံများ
(ဓာတ်ပုံအပြည့်အစုံကို တယ်လီဂရန်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်) https://t.me/ayeyarwaddytimes/32174
#စစ်ကိုင်း #ဘုတလင် #စီပါရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုးမီးရှို့ #‌ဒေသခံသတ်ဖြတ် #Ayeyarwaddy_Times