
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွရွာတွင် လူအများအိပ်မောကျချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး နှစ်ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စိသည် ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့ နံနက်အစောပိုင်း ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး လေးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး နှစ်ဦး ပြင်းထန်ဒဏ်ရာရပြီး နွားနှစ်ကောင်နှင့် ဝက်တစ်ကောင်တို့ သေဆုံးသွားကြောင်း သိရသည်။
“ဒေါ်မချစ်နဲ့ ဒေါ်ရီရီစိုးတို့နှစ်ယောက် ထိသွားတယ်။ မနက် ၁နာရီ အိပ်ချိန်ကြီး လာကြဲတာ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တောင်ကုတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အသက် ၄၈နှစ်အရွယ်နှင့် အသက်၃၈နှစ်အရွယ်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီသည် ယခုအောက်တိုဘာလအတွင်း တောင်ကုတ်မြို့နယ်ကို အကြောင်းမဲ့ ဗုံးကြဲတို က်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁၆ ဦး သေဆုံးကာ ၁၅ ဦးဒ ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို ညအချိန်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံ ၁၃ ဦး အစုလိုက် အပြုံလိုက်သေဆုံးပြီး ၁၅ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တောင်ကုတ်မြို့နယ် ပေါက်အင်း ရွာသစ်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ရေးပြင်းထန်နေသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ရှမ်းပြည်နယ် ပြီးလျှင် ရခိုင်ပြည်နယ်သည် ဒုတိယအများဆုံးလေကြောင်း တိုက်ခိုက်မှုဒဏ်ကို ခံနေရကြောင်း သိရသည်။
#ရခိုင် #တောင်ကုတ် #ချောင်းသုံးခွရွာ #စစ်ကောင်စီ #ဗုံးကြဲ #ပြည်သူ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times