ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လက်နက်၊ ခဲယမ်းအထုတ်များကို လေထီးဖြင့် ချပေးရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

အမ်းရှိ အနောက်ပိုင်းတိုင်း(နပခ) စစ်ဌာနချုပ်အတွင်း လက်နက်၊ ခဲယမ်းနှင့် ရိက္ခာလာပို့သည့် လေယာဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့က နပခအတွင်းသို့ လေထီးများဖြင့် အထုတ်များချပေးခဲ့ရကြောင်း သိရသည်။

နပခ အနီးဝန်းကျင်တွင် AA က ပိတ်ဆို့စောင့်ကြည့်နေသည့်အတွက် လက်နက်ထုတ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

“အထုတ်တွေကို လေယာဉ်ကွင်းကနေ ကားနဲ့ မသယ်တော့ဘဲ လေထီးနဲ့ချတာ။ အ့်ဒါထွက်ကောက်တဲ့ စစ်သားတွေကို တပ်တော်က စနိုက်ဘာနဲ့ပစ်လို့ ထွက်မယူနိုင်ဘူး ပြောပါတယ်။ တိုက်ပွဲက တပ်ဆေးရုံနားဖြစ်နေတယ်။ ပစ်ခတ်သံတွေကြားရပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်က အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ကမ်းဒိတ်တောင်စခန်းနှင့် ခမရ-၃၇၃ တို့ကို AA ကသိမ်းယူပြီး နပခ အနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)တပ်နှင့် တပ်ဆေးရုံအနီးထိ စစ်ရေးတိုးချဲ့ပြီး တိုက်ခိုက်လာကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့ အထိ စရဖတပ်နှင့် တပ်ဆေးရုံအနောက်ဘက်တွင် လက်နက်ကြီး ပစ်ခတ်သံနှင့် လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်သံတို့ကို ကြားရကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ယမန်နေ့ ညနေ ၄နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီက ဗုံးများ လာရောက် ကြဲချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်အတွင်း ရွာများဖြစ်သော ကြောင်ဖြူကွင်း၊ ဂွေးကိုင်းရွာ၊ ရပ်သာ၊ ပျဉ်းတောကြီး၊ ကြပ်ရွာ၊ ကျွဲသလင်း၊ နေကာရွာသစ်စသည့် ကျေးရွာ ခုနစ်ရွာမှ ဒေသခံများကို ပြောင်းရွှေ့ရန် အတင်းအကျပ် စေခိုင်းခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်နေ့က အဆိုပါရွာများကို ဗုံးသီး အလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

မြေပုံ- Nai Zinyaw
#အမ်း #စစ်ကောင်စီ #လေကြောင်းအသုံးပြု #ထောက်ပို့ #နပခ #စစ်ရေးနီးကပ် #Ayeyarwaddy_Times