
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး အနီး ၇၃ လမ်းပေါ်တွင်ရှိသည့် တရုတ် ကောင်စစ်ဝန်ရုံး အောက်တို ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီ၃၀ မိနစ်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်သည် တော်လှန်ရေးအဖွဲ့များလုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ က စွပ်စွဲထားသည်။
စစ်ကောင်စီက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကို စိစစ်လျက်ရှိသည်ဟုဆိုထားပြီး ပြည်သူလူထုအနေဖြင့်လည်း ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ် များကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချလျက်ရှိသည်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့များအနေနှင့် အကြမ်းဖက်မှုကျူးလွန်ခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိကြောင်းနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့နှင့် ၇၃ လမ်းတစ်ခုလုံးကို ပိတ်ချလိုက်ပြီး လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တဲ့နေ့က အသံကြားပြီးမကြာဘူး၊ ပျူစောထီးနဲ့ စစ်သားတွေစီးလာတဲ့ကား ၇၃ လမ်းကနေ တရှိန်ထိုးမောင်းပြေးလာပြီး အပြန်အလှန်ပစ်ခတ်သလိုမျိုး သေနတ်တွေလည်း ဖောက်သွား တယ်။ သူတို့ထွက်ပြေးသွားပြီးနောက်ကျတော့ အခြား စစ်သားအဖွဲ့တွေရောက်လာပြီး လမ်းလာပိတ် သွားတယ်”ဟု မန္တလေးမြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာ ၇၃ လမ်းကို သံဆူးကြိုးများဖြင့် လမ်းတစ်ဝက်ကိုပိတ်ချ ထားပြီး စစ်ကောင်စီက လုံခြုံရေးအပြည့် ယူပေးထားရာ နေရာလည်းဖြစ်သည်။
တရုတ်ကောင်စစ်ဝန်ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် အဆိုပါလမ်းအတွင်းမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားနှစ်စီးဖြင့် တရှိန်ထိုးမောင်းနှင်ကာ ထွက်ပြေးသွားခဲ့ပြီး သေနတ် ပစ်ဖောက်ခြင်းများပါ လုပ်ဆောင်သွားကြောင်း မျက်မြင် ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
သို့သော်လည်း ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ အကြမ်းဖက် လုပ်ဆောင်မှုသာဖြစ်ကြောင်း စစ်ကောင်စီကစွပ်စွဲ ထားသည့်အပြင် ဖြစ်စဉ်ကိုလည်း စုံစမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း မန္တလေးမြို့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်းနှင့် လူမျိုးရေး ပဋိပက္ခဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန် ပြောဆိုထားသည်။
စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု နာမည်ခံပြီး တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲနှင့် ဆန့်ကျင် လှုပ်ရှားမှုမှန်သမျှ လုပ်ဆောင်နေသလို တစ်ချိန်က တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်သည်ကို ထပ်လောင်း သတိပေးလိုသည် ဟု NUG ကဆိုထားသည်။
ပုံစာ-မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး(ပုံဟောင်း)
#မန္တလေး #တရုတ်ကောင်စစ်ဝန်ချုပ်ရုံး #ပေါက်ကွဲမှု #စစ်ကောင်စီစွပ်စွဲ #Ayeyarwaddy_Times