ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် လာမည့် ၃ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) ဖြစ်နိုင်ပြီး ယင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် တချို့တွင် မိုးကြီး၍လေပြင်းတိုက်ခတ်နိုင်ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အောက်တိုဘာ ၂၂ ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်ရောက်ရှိပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) ဖြစ်‌လာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ထုတ် ပြန်သည်။

အဆိုပါအရှိန်ကြောင့် အောက်တိုဘာ ၂၀ မှ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။

ထို့ပြင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်၍ ယင်းပတ်ဝန်းကျင်နေထိုင်သူများ သတိထားရန်လိုအပ်ကြောင်း သိရသည်။

ယင်းပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်း ကြီးမည်ဖြစ်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင် မိုး/ဇလက ဆိုသည်။

ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုး ဆော်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်
#ကပ္ပလီပင်လယ်ပြင် #ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင် #မိုးကြီးနိုင် #လေပြင်းတိုက်ခတ်နိုင် #တိုင်းနှင့်ပြည်နယ် #Ayeyarwaddy_Times