ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၀ ရက်)

မျက်နှာ လှလှလေးတွေပေါ်မှာ အချပ်လိုက်၊ အကွက်လိုက်နဲ့ အရောင်ရင့်ရင့် အစက်အပြောက်တွေ ရှိနေ တာကို “တင်းတိတ်”ထွက်တယ်လို့ ဆိုကြပါတယ်။

“တင်းတိတ်” ဟာ နေရောင်ခြည်နဲ့ထိတွေ့မိလို့၊ တင်းတိတ်‌မျိုးရိုးဆက်ခံရသူဖြစ်လို့၊ ဟော်မုန်းအပြောင်း အလဲကြုံရလို့၊ အရေပြားထိခိုက်ပျက်စီးလို့စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တယ်လို့ယူဆခဲ့ ကြပါတယ်။ “တင်းတိတ်” က မကူးစက်ပါဘူး။

🟥အမျိုးသမီးနဲ့တင်းတိတ်

တင်းတိတ်က အမျိုးသမီးတွေမှာ အဖြစ်အများပါတယ်။ အမျိုးသားတွေမှာလည်း ကြုံတောင့်ကြုံခဲ ဖြစ်တတ်ပါတယ်။ တင်းတိတ်ကို မျိုးဆက်ပွားနိုင်တဲ့ အသက်အရွယ်မှာ တွေ့ရပါတယ်။ အမျိုးသမီးများ ပထမဆုံးကိုယ်ဝန်ဆောင်ချိန်နှင့် သန္ဓေတားဆေးများအသုံးပြုချိန်မှာ တင်းတိတ်ထွက်ပေါ်လာတတ်ပါ တယ်။အနောက်တိုင်းဆေးပညာမှာတော့ တင်းတိတ်ပေါက်တာကို ကိုယ်ဝန် ဆောင်ခြင်းက ပေးအပ်လိုက်တဲ့မျက်နှာဖုံးလေးဆိုပြီး တင်စားကြပါတယ်။

အချို့ အမျိုးသမီးတွေကတော့ ကလေးမွေးဖွားပေးချိန် ဒါမှမဟုတ် သန္ဓေတားဆေးရပ်လိုက်ချိန် မှာတင်းတိတ်တွေလျော့ပါးပျောက်ကင်း သက်သာသွားတတ်ပါတယ်။

အသားအရောင်လတ်လတ်အမျိုးသမီးတွေ အသားအရောင်ရင့်ရင့်ရှိတဲ့ အမျိုးသမီးတွေက တင်းတိတ် ရောဂါပိုကြုံတွေ့ရပါတယ်။ ပါးပြင်ပေါ်က နဖူး၊ နှာတံ၊ နှာ‌ခေါင်း၊ မေးစေ့နားနဲ့ အထက်နှုတ်ခမ်း ပေါ်နေရာတွေမှာ တင်းတိတ်ကို တွေ့မြင်ရတတ်ပါတယ်။ သို့သော် လက်မောင်း၊ လည်ပင်းနဲ့ အခြား နေရာတွေမှာတော့ တင်းတိတ်ဖြစ်တာ နည်းပါတယ်။

🟥တင်းတိတ်ဆိုတာပျောက်သွားတတ်ပါသလား?

တင်းတိတ်ဆိုတာ သူ့အလိုလိုပဲ အရောင်ဖျော့‌ပြီး ပျောက်သွားတတ်ပါတယ်။ နှစ်တွေ အကြာကြီး ကြာ တတ်တာကြောင့် တင်းတိတ် စွဲကပ်နေသူတွေကတော့ စိုးရိမ်စိတ်တွေနဲ့စိတ်မချမ်း မသာ ဖြစ်ရပါတယ်။ တင်းတိတ် ပျောက်ဆေးဆိုတာ မျက်နှာမှာအရောင်ရင့်စွန်းထင်နေတဲ့ အကွက်တွေကို လျော့ပါးအောင် ပေးတဲ့ဆေးသာဖြစ်ပါတယ်။

အကောင်းဆုံးတင်းတိတ်ကာကွယ်နည်းကတော့ အပြင်ထွက်မယ်ဆိုပါကနေပူချိန်ကိုရှောင်ပါ။ နေရောင် ခြည်နဲ့မျက်နှာမထိတွေ့မိအောင်ကာကွယ်ပါ။ နေရောင်အကာကွယ် SPF ပါဝင်တဲ့ လိမ်းဆေးခရင်မ်များလူးပါ၊ လိမ်းပါ။ ပတ်ပတ်လည်အကာပါတဲ့ ဦးထုပ်ဖားဖားကြီးများကိုဆောင်းပါ။ တင်းတိတ် အသစ်မဖြစ်အောင်ကာကွယ်ခြင်းက မြင်သာထင်ရှားနေတဲ့ တင်းတိတ်တွေကို ကုသရခြင်းထက်ပိုပြီး လွယ်ကူတာကြောင့် ကြိုတင်ကာကွယ်ကြဖို့ အရေးကြီးပါတယ်။

🟥တင်းတိတ်နှင့်အရေပြားကင်ဆာ

တင်းတိတ်နှင့်အရေပြားကင်ဆာဟာ ဆက်စပ်မှုလုံးဝမရှိပါဘူး။ တင်းတိတ်က မျက်နှာနှစ်ဘက် အညီ အမျှ ပေါက်လာနိုင်ပါတယ်။ တင်းတိတ်က မျက်နှာပြင်အရေပြားပေါ်ကို ဖောင်းကြွလာခြင်းမျိုး မရှိပါဘူး။ ပါးတစ်ပြင်လုံး မျက်နှာတစ်ခုလုံးပျံ့နှံ့ဖြစ်တတ်ပါတယ်။ မနာ၊ မယားပေမယ့်လည်း မျက်နှာ ပြင်ပေါ်ပေါက်နေတာကြောင့် အမျိုးသမီးတွေက ရှက်ကြပါတယ်။

ကြောက်စရာကောင်းတဲ့အရေပြားကင်ဆာကတော့ တိကျတဲ့ပုံစံမရှိဘဲ ဖြစ်ချင်သလိုဖြစ်နေတတ် ပါတယ်။

🟥တင်းတိတ်(Melasma)

တင်းတိတ်အကြောင်းကို ကမ္ဘာပေါ်မှာ သုသေသနတွေ ပြုလုပ်ဖို့လိုပါသေးတယ်။ ခန္ဓာကိုယ်အရေပြား ရောင်ခြယ်ဓာတ်ပစ္စည်းလေးထုတ်ပေးနေတဲ့ melanocytes တွေ အလုပ်လုပ်တာကြောင့် ‌‌ အသားရောင် လှလှပပလေးကို ကျွန်ုပ်တို့ပိုင်ဆိုင်ထားရတာဖြစ်ပါတယ်။

ဒါပေမယ့် melanocytes က အလုပ်တွေပိုလုပ်ပြီး အရေပြားအရောင်ခြယ် ဓာတ်ပစ္စည်းတွေ အများကြီးထုတ်တဲ့အခါမှာတော့ တင်းတိတ်တွေဖြစ်ပေါ်လာ ရပါတယ်။

melanocytes ကို လှုံ့ဆော်စေနိုင်တဲ့ နေရောင်ခြည်ကြောင့် အသားရောင်ခြယ် Melanin တွေ အရေပြားမှာစုပုံလာပြီး တင်းတိတ်အဖြစ် ခံစားရပါတော့တယ်။

ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း သွေးအတွင်း အမျိုးသမီးဟော်မုန်း estrogen နှင့် ကိုယ်ဝန်ဟော်မုန်း တော့ progesterone, များပြားလာခြင်းက တင်းတိတ် တွေပေါက်အောင်လှုံဆော်ပါတော့တယ်။

တင်းတိတ်ဖြစ်စေတဲ့ဆေးတွေလည်းရှိပါတယ်။ အတက်ကျဆေး၊ သန္ဓေတားဆေး၊ သွေးပေါင်ချိန် ထိန်းဆေး၊ ပိုးသတ်ဆေးအချို့က အရေပြားရောင်ခြယ်ဓာတ်ထွက်ဖို့ လှုံဆော်ပြီး တင်းတိတ်ကို ထွက် စေပါတော့တယ်။

စိတ်ဖိစီးမှုတွေကြောင့် စိတ်ညစ်ရတာကြောင့်လည်း တင်းတိတ်တွေ ထွက်လာတတ်ပါတယ်။ လက်သည်းအလှဆိုးပြီး အပြာရင့်ရောင်အလင်းပြခြင်း၊ အားကစားခန်းမ၊ အရက်ဘား၊ အိမ်တွင်းအလှဆင်မီးများကို အာကာသပုံစံ အပြာရင့် အလင်းရောင်များဖြင့် အလှဆင်ထားပါတယ်။ အဲ့ဒီအလင်းလှိုင်း များက ခရမ်းလွန်ရောင်ခြည်ထက်ပိုပြီး အရေပြားကိုထိခိုက်စေကာ တင်းတိတ်များထွက်အောင် လှုံ့ဆော်ပါတော့တယ်။

လည်ပင်းရှိ သိုင်းရွိုက် ဂလင်းမှထုတ်သော ဟော်မုန်းမညီမျှတဲ့ အခါမှာလည်း တင်းတိတ်ဖြစ်တတ်ပါတယ်။

တင်းတိတ်အတွက် အကောင်းဆုံးကုသမှုဆိုတာ တိတိကျကျမရှိပါဘူး။ Hydroquinone , Tretinoin , Mild Corticosteroid စတဲ့ဆေးအမျိုးအစားသုံးမျိုးကို ပေါင်းစပ်ပြီးပေးကြပါတယ် Azelaic acid, Kojic acid, Vitamin C ပေးပြီးတော့လည်းကုသကြပါတယ်။

ခေတ်မီတိုးတက်လာတာနဲ့အမျှ ဓာတုဆေးဝါးတွေမျက်နှာမှာလိမ်းပြီး ချေးချွတ်ခြင်း (Chemical peeling) ၊ အလွန်အမင်း‌သေးငယ်သော အပ်ဖြင့် ထိုးဖောက်ဝင်ရောက်မှုအနည်းဆုံးဖြင့် ချိန်ဆကာ ထိုးသွင်းကုသနေသော (Microneedling) အရေပြားအရောင်ညှိဖို့လေဆာပစ်ကုသခြင်း (Laser and Light treatment) သွေးရေကြည်ကို တင်းတိတ်အကွက်အတွင်းသို့ ထိုးသွင်းကုထုံး (PRP treatment) များဖြင့်ကုသနေကြပါတယ်။ သွေးတိတ်ဆေး (Tramsexamic Acid) သောက်ပြီး တင်းတိတ်ကုသတာက အကျိုးထူးမှန်းကို သုသေသနတွေ ပြုလုပ်လျက်ရှိ‌နေပါတယ်။

အရေပြားရောဂါတို့ရဲ့ ထုံးစံအတိုင်း ချက်ချင်းလက်ငင်း ပျောက်ကင်းတာရှားပါတယ်။ တင်းတိတ် ကလည်း ထိုနည်းလည်းကောင်းပါပဲ။ တင်းတိတ်ဟာ အချိန်ယူပြီး နှစ်နဲ့ချီ ကုသရမယ့် အရေပြားရောဂါ တစ်ခုဖြစ်တယ်လို့ အသိပညာပေးလိုက်ပါတယ်။

ဒါဆိုရင် ခင်ပျိုမဒီတို့လည်း တင်းတိတ်ရောဂါအကြောင်း သိလောက်ပြီထင်ပါတယ်။ ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း အရေပြားရောဂါများမှ ကင်းဝေးကြပါစေလို့ ဆု‌တောင်းပေးပါတယ်။ နောက်တစ်ပတ်မှာတော့ လျှပ်စစ်အန္တရာယ် ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်တာ ကြောင့် စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ဆံ‌ကေသာနှင့်ခေါင်းလျှော်ရည် #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times