ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့် လေထီးနှင့် ဆင်းနေပြီး လေထီးမပွင့်သဖြင့် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှစ၍ ည ၇ နာရီခန့်အထိ ကုန်သွယ် ရေးဇုန်အတွင်းသို့ လေကြောင်းမှလေထီးဖြင့် စစ်ကူပို့နေရာ လေထီးငါးခုခန့် မပွင့်ဘဲ တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း ဒေသခံများထံက သိရသည်။

“လေယာဉ်ကတော့ ထောက်ပို့လေယာဉ်အမျိုးအစားပဲ။ ငါးမိနစ်ခြားတစ်ခါ ခုန်ဆင်းတာ။ တခါခုန်ရင် လေးယောက်လောက်ပါတယ်။ မျက်မြင်က တော့ လေထီးခြောက်ခုမပွင့်ဘူး။ အနည်းဆုံးတော့ ၁၀ ယောက်လောက်ရှိမယ်။ ကျတဲ့အမြင့်နဲ့ဆိုရင်သေမှာပဲ” ဟု မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လေကြောင်းမှစစ်ကူမပို့ခင် မြဝတီအာရှလမ်းမကြီးရှိ ဒေါနတောင်ပေါ်သို့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့က မြဝတီမြို့ လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း အမြောက်ဗျူ ဟာစခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီက မြဝတီမြို့ကို စစ်ရေးပြင်ဆင်မှုများပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ‌အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း မြဝတီ- ဝေါလေလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်း စခန်းသုံးခုမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က စခန်းကိုရှင်းလင်း သိမ်းဆည်းခဲ့ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ မြဝတီ ကုန်သွယ်ရေးဇုန်ဘက်ကို လေကြောင်းမှ စစ်ကူပို့လာခြင်းဖြစ်သည်။

ပုံစာ-စစ်ကူလာပို့သည့် စစ်ကောင်စီလေယာဉ်အားတွေ့ရစဉ်

#ကရင် #မြဝတီ #ကုန်သွယ်ရေးဇုန် #စစ်ကောင်စီ #လေကြောင်းစစ်ကူပို့ #လေထီးမပွင့် #သေဆုံး #Ayeyarwaddy_Times