ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

ယခုလပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေးပြန်ကျသော်လည်း စစ်ကောင်စီက သွင်းကုန်လိုင်စင်များ မချပေးသဖြင့် ကုန်ပစ္စည်းဈေးမကျခြင်းဖြစ်ကြောင်း သွင်းကုန်၊ ထုတ်ကုန်
လုပ်ငန်းရှင်အချို့ထံက သိရသည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၄၀၀ မှ ၄၅၀၀ ဝန်းကျင်ရှိသည်။

အမေရိကန်ဒေါ်လာဈေးကျရသည့်အကြောင်းအရင်းများတွင် တရုတ်နိုင်ငံ၏ကူညီမှုကတစ်ချက်အနေဖြင့်ပါဝင်ပြီး စစ်ကောင်စီထုတ်ရောင်းပေးခြင်းနှင့် သွင်းကုန်ပစ္စည်းများမသွင်း၍ ဒေါ်လာလိုအပ်ချက်နည်းသွားခြင်းများပါဝင် ကြောင်းသိရသည်။

လက်ရှိကုန်သည်များသည် သွင်းကုန်လိုင်စင် ရရှိရန်ကြန့်ကြာသဖြင့် ကုန်ပစ္စည်းတစ်ကြိမ်သွင်းထားပြီးရှိနေသည့် ပစ္စည်းများသာရောင်းချကြောင်း၊ လိုင်စင်ထပ်မံလျှောက်ထားခြင်းမရှိကြောင်း၊ အချို့ကုန်သည်များက အောက်လမ်းကခိုးသွင်းကြောင်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ အခုချိန်ကဒေါ်လာဈေးကျချိန်။ စစ်ကောင်စီကထုတ်ရောင်းနေတယ်။ သွင်းကုန်လိုင်စင်မချပေးတော့ ပစ္စည်းသွင်းတာနည်းတယ် အဲဒီတော့ဒေါ်လာလိုအပ်ချက်နည်းပြီးတော့ဈေးကျတယ်။ အခုကုန်တွေက အရင်ဒေါ်လာဈေးနဲ့ဝယ်ထားတာဖြစ်တော့ ထပ်လည်းမသွင်းတော့ရှိနေတဲ့ ကုန်တွေဈေးမကျဘူး။ ဈေးက တက်ပဲတက်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိပြည်ပသွင်းကုန်များ လူသုံးကုန်၊စားသောက်ကုန်အပါအဝင် ဆေးနှင့်ဆေးဝါးများ ဆက်လက်ဈေးမြင့်နေပြီး နာတာရှည်သောက်သုံးရသည့်နှလုံးဆေးအချို့အမှတ် တံဆိပ်များ ထပ်မံသွင်းယူခြင်း မရှိကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ထို့ပြင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများဈေးမြင့်တက်နေပြီး အသည်းရောင်ဘီပိုး ကာကွယ် ဆေးပစ္စည်းပြတ်နေသဖြင့်ကာကွယ်ဆေးထိုးပေးနိုင်ခြင်းမရှိကြောင်း ပုဂ္ဂလိကဆေးခန်းများထံမှ စုံစမ်းသိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အောက်တိုဘာလ၌ စစ်ကောင်စီက အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်၊ တရုတ်ယွမ် သုံးသန်းကျော်နှင့် ထိုင်းဘတ် ၂၆၀ သန်းကျော်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကထုတ်ရောင်းထားကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဒေါ်လာဈေးကျ #ကုန်ဈေးနှုန်းမြင့်တက် #စစ်ကောင်စီ #လိုင်စင်ချမပေး
#Ayeyarwaddy_Times