
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာနှင့် တိုင်ကျိုးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရာ စစ်ကောင်စီတပ်ဖွဲ့များ ဂွမြို့အနီးသို့ ဆုတ်ခွာလာရကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းမှစ၍ တိုင်ကျိုးကျေးရွာအနီး ပုဂံတောင်စေတီတောင်ပေါ်တွင် အထိုင်ချနေရာယူထားသည့် လက်နက်ကြီးတပ်သည် အဆိုပါနေရာမှ ဆုတ်ခွာကာ ဂွမြို့အနီး ရွှေ့ပြောင်းသွားရခြင်း ဖြစ်သည်။
“၁၇ရက်ညပိုင်းက စစ်တပ်နေရာစရွှေ့တယ်။ လေယာဉ်ရော နေဗီရော ပစ်လိုက်တဲ့လက်နက်ကြီးဆိုတာ အသံမတိတ်ဘူး။ ကြွေချိုင်၊ သပြုချောင်း၊ တိုင်ကျိုးမှာ ပြန့်ကျဲပြီး တိုက်ပွဲဖြစ်နေတာ။ ပုဂံတောင်က အင်အားလည်း သိပ်မကျန်တော့လို့ ရွှေ့ရတယ်လို့ကြားတယ်” ဟု ဂွဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုလားပြင်ကျေးရွာမှ ဆုတ်ခွာပြီး ကြွေချိုင်နှင့် တိုင်ကျိုးတို့တွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပတ်ဝန်းကျင်အနီးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အပြင် မြေပြင်နှင့် နေဗီတို့မှ လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်ခဲ့ကြောင်း သိရသည်။
သပြုချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်၊ အဆောက်အအုံများ ပျက်စီးထိခိုက်မှုရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီဘက်က ထိုကဲ့သို့ ကြည်း၊ ရေ၊ လေမှ အင်အားကုန်သုံး၍ စစ်ကူနှင့် ပစ်ကူများ ပေးခဲ့သော်လည်း ပုဂံတောင်ရှိ လက်နက်ကြီးတပ်မှာ ဂွမြို့အနီးထိ ဆုတ်ခွာခဲ့ရသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၇ ရက်ကလည်း ကျိန္တလီတံတားကို မိုင်းခွဲဖျက်ဆီးပြီး ကြွေချိုင်ထိ တပ်ဆုတ်လာရသည့် စစ်ကောင်စီတပ်သည် AA ထိုးစစ်ကြောင့် ဂွမြို့အနီးထိ ထပ်မံတပ်ဆုတ်လာရခြင်း ဖြစ်သည်။
#ရခိုင် #ဂွ #ကြွေချိုင် #စစ်ကောင်စီတပ် #ထပ်မံတပ်ဆုတ် #Ayeyarwaddy_Times