
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ရခိုင်ပြည်နှင့်ထိစပ်နေသော ကမ်းခြေရွာများတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့စစ်ဆေးမှုများနှင့် လုံခြုံရေးတိုးမြှင့်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
ရွှေသောင်ယံ၊မကျီးစင်၊ ဘောမိကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ်များ အင်အားတိုးချထားကာ စစ်ကြောင်းထိုးခြင်းနှင့် ကုန်းလမ်းအပြင်၊ရေလမ်းများကိုပါ တင်းကြပ်စွာစစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။
“ရခိုင်မှာကလည်း သူတို့ဘက်ကရှုံးလာတော့ ကမ်းခြေဘက်ကနေ AA၀င်လာနိုင်တယ်ဆိုပြီး လုံခြုံရေးတင်းကြပ်တယ်ပြောတာပဲ။ အဓိကထားစစ်တာရခိုင်ဘက်က စစ်ရှောင်တွေနဲ့ ကုန်ပစ္စည်း တွေကို အဓိကထားစစ်နေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် နေ့စဥ်ကမ်းခြေကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများကို ဧည့်စာရင်း ရှောင်တစ်ခင်၀င်ရောက်စစ်ဆေးခြင်းနှင့် သစ်တောများအတွင်း စစ်ကြောင်းထိုးခြင်းများအပြင် ပုသိမ်-ငွေဆောင်-ချောင်းသာကားလမ်းတွင် ကင်းပုန်း၀ပ်ခြင်းများ ပြုလုပ်နေပြီး စစ်ကောင်စီရေတပ်မှလည်း ငါးဖမ်းစက်လှေများကို စစ်ဆေးပြီး ရခိုင်ဘက်သို့ သွားခွင့်မပြုကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်းမှ ကမ်းခြေဒေသများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေမှု မကြာခဏပြုလုပ်လေ့ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ တပ်စခန်းများကျရှုံးခဲ့ပြီးနောက်ပိုင်း ရခိုင်တပ်တော်AAနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယခုအကြိမ်တွင် အင်အားပြည့် အထိုင်ချကာ ခံစစ်ပုံစံပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ ပြောသည်။
#ပုသိမ်ဘ #ရခိုင်ပြည် #ထိစပ်နေသော #ကမ်းခြေဒေသများ #စစ်ကောင်စီ #လုံခြုံရေးတိုးမြှင့်ထား
#Ayeyarwaddy_Times