ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

ကချင်ပြည်နယ်၊ ကန်ပိုက်တီရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် ၁၀၀၃ ၏ ကာကင်းစခန်းများကို ကချင်လွတ်လပ်ရေးတပ်တော် KIAက ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ရက် ညနေပိုင်းအချိန်တွင် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီအနီး ဝေ့ါ်ချုံးဒေသစင်ကျိုင်‌ကျေးရွာရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ရှိ ကာကင်းများကို KIAသိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့က နခတ ၁၀၀၃ ကာကင်းများ အပြင် ပန်ဝါနှင့် သုံးမိုင်သာကွာသည့် ချန်းယင်ခူး စခန်းနှင့် ကန်ပိုက်တီလမ်း လဖိုင်နှင့် နခတ ၁၀၀၃ ကြားရှိ ဒွန်ဘန်ခတံတားစခန်းတို့ကိုပါ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း နယ်ခြားစောင့်တပ်ဌာနချုပ် ၁၀၀၃ကို KIAက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

“နခတ ၁၀၀၃ ကိုသိမ်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သိထားပါတယ်။ ပန်ဝါမြို့ပေါ်ကို စစ်ရှောင်တွေတက်လာသလို တရုတ်နယ်စပ်နား ဝင်ခွင့်တောင်းပြီးစောင့်နေတဲ့ စစ်ရှောင်တွေလည်း ရှိပါတယ်” ဟု ကချင်
စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIAက ပြီးခဲ့သည့်အောက်တိုဘာ၁၄ရက်က လောက်ပြေရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် ၁၀၀၂ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခု ၁၀၀၃တပ်ရင်းကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်လာခြင်း ဖြစ်သည်။

ကချင်အထူးစစ်ဒေသ ၁ အတွင်းတွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် နခတ ၁၀၀၁၊ ၁၀၀၂နှင့် ၁၀၀၃ တပ်ရင်းသုံးရင်းရှိရာ တပ်ရင်းဌာနချုပ် နှစ်ခုကို KIAက သိမ်းပိုက်လိုက်ပြီး ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာမှစတင်ကာ ချီဖွေနှင့် ဆော့လော်မြို့တို့ကို KIAက တိုက်ခိုက်သိမ်းယူပြီး ပန်ဝါရှိစစ်ကောင်စီစခန်းနှင့် ပြည်သူ့စစ်စခန်းတို့ကိုသိမ်းယူကာ ပန်ဝါမြို့ကို ထိန်းချုပ်နိုင်ရန် ဦးတည်တိုက်ခိုက်လာခြင်းဖြစ်သည်။

ပန်ဝါဒေသမှ စစ်ရှောင်လာသည့် စစ်ရှောင်အများစုမှာ တရုတ်နယ်စပ်သို့ ရောက်ရှိနေကြပြီး တရုတ်နိုင်ငံမှပေးမဝင်သည့်အတွက် စစ်ရှောင်များ ပိတ်မိနေကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

#ကချင် #ပန်ဝါ #နခတ၁၀၀၃ #KIA #သိမ်းပိုက် #Ayeyarwaddy_Times