ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

မိုင်းနင်းမိသည့်အရပ်သားသည် ကလေးမြို့နယ်၊ ချင်းစုကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ညာခြေတစ်ဖက်ပြတ်သွားကာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ချင်းစုကျေးရွာမှ ကလေးမြို့သို့ သွားရောက်စဥ် ဆည်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် မိုင်းနင်းမိခြင်းဖြစ်သည်။

“မနေ့က မနက်ပိုင်း ကလေးမြို့ကို သွားတဲ့ချိန် စစ်ကောင်စီ ဆည်ကြီးစစ်ဆေးရေးဂိတ် မဖွင့်ပေးသေးလို့ ထိုင်စောင့်နေရင်း လမ်းဘေးမှာ အပေါ့သွားတဲ့ခါ မိုင်းနင်းတာဖြစ်တယ်။ ညာခြေတစ်ဖက်က ခြေဖဝါးကနေ ပြတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့အဝင်ဖြစ်သည့် ဆည်ကြီးကျေးရွာတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ထားပြီး ၎င်းဂိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဖွင့်ပေးခြင်း ဒေသခံပြည်သူများသည် ဂိတ်တွင် စောင့်ဆိုင်းနေရပြီး ၎င်းဂိတ်ဖွင့်ပေးမှသာ ဖြတ်သန်းခွင့်ရကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသည့်အတွင် ဂိတ်ဘေးပတ်လည်အနီးတဝိုက်တွင် မိုင်းများ ထောင်ထားသည်ဟုဆိုသည်။

“ဆည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆည်ကြီးဂိတ်ရဲ့ မီတာ ၁၀ ၊ ၁၅ လောက် ကားလမ်းဘေးပတ်လည်မှာ နင်းမိုင်းတွေ ထောင်ထားတယ်။ အဲ့ဒီဂိတ်က ကလေးမြို့အဝင်ဆိုတော့ သူတို့ သေချာလုံခြုံရေးတည်ဆောက်ထားတယ်။ ရံဖန်ရံခါ ကားတွေ၊ ပစ္စည်းသယ်တာတွေလည်း ပိတ်
တတ်တယ်။ အစစ်ဆေးလည်းတင်းကျပ်ထားတယ်” ဟု ကလေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ လက်နက်ကြီးကျည် ရမ်းသန်းပစ်သည့်အတွက် ကလေးမြို့နယ်၊ ဆည်တောကျေးရွာမှ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။

#ကလေးမြို့နယ် #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #မိုင်းနင်းမိ #အရပ်သားတစ်ဦး #ခြေတစ်ဖက်ဆုံးရှုံး
#Ayeyarwaddy_Times