
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း နခခ ၅ မြို့သူကြီးတစ်ခုသာ ကျန်ရှိတော့ပြီး အာရက္ခတပ်တော် AA က အပြင်းအထန်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၇ရက်နေ့တွင် မောင်တော နခခ ၅အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Y 12လေယာဉ်ဖြင့်လည်း လက်နက်ခဲယမ်းနှင့် ရိက္ခာထုတ်များကို လေထီးဖြင့် နခခ ၅ အတွင်း အကြိမ်ပေါင်းများစွာ ချပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” နခခ ၅ တစ်ခုပဲ စစ်စခန်းအနေနဲ့ကျန်တော့တာ အထဲမှာ အင်အား ၆၀၀ ကျော်နဲ့ ခုခံနေတယ်။ ခြံစည်းရိုး သုံးထပ်နဲ့ မိုင်းအပြည့်ခင်း ဘန်ကာတွေနဲ့ ခုခံနေတာ လက်နက် ရိက္ခာလည်း လေကြောင်းကရနေတော့ တိုက်ပွဲကြာနေပါတယ်။ ပြီးတော့ မြို့ထဲပြန့်ကျဲနေတဲ့ မူဆလင်လက်နက်ကိုင်တွေနဲ့လည်း ထိတွေ့တိုက်ပွဲလေးတွေရှိတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ရေးပြင်းထန်နေသည့် နခခ ၅ အနီးရှိ ကျေးရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့၊ နေ့လယ် ၂နာရီအချိန်ခန့်က အောင်မင်္ဂလာကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အောင်မင်္ဂလာကျေးရွာမှ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့်ဈေးဆိုင်ခန်းများ ကုန်ပစ္စည်းများ ပျက်စီးခဲ့သည့်အတွက် သိန်း ငါးထောင်ကျော်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက အောက်တိုဘာ ၁၄ရက်နေ့တွင် Y12ဖြင့် ဗုံးအလုံး ၃၀ကျော် ကြဲချခဲ့ပြီး ဂျက်ဖိုက်တာများဖြင့်လည်း ဗုံးကြဲချတိုက်ခိုက်ခဲ့ကာ လက်နက်နှင့် ရိက္ခာထုတ်များလည်း လေထီးဖြင့် နခခ ၅အတွင်း ချပေးခဲ့သည်။
#ရခိုင် #မောင်တော #နခခ၅မြို့သူကြီး #AA #တိုက်ခိုက် #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times