
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင်တွင် စိုက်ပျိုးရေးခြံ အလုပ်လုပ်ကိုင်နေသည့် ချင်းအမျိုးသားတစ်ဦးသည် ကျားဆွဲခံရပြီး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။
သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်ရှိန်းဖေ ဟု သိရှိရပြီး ၎င်းသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့၊ မလေးစံတော်ချိန် ညနေ ၈နာရီ၊ ၁၅ မိနစ်ခန့်က အလုပ်မှ ပြန်လာပြီး ထမင်း၊ ဟင်းချက်ပြုတ်ရန် ရေစင်တွင် ကြက်သားခုတ်စဥ် ကျားဆွဲခံရခြင်းဖြစ်သည်။
“အလုပ်ကပြန်လာတော့ ထမင်း၊ ဟင်းချက်ပြုတ်ဖို့ ရေစင်မှာ ကြက်သားခုတ်တာ။ အဲ့မှာ ကျားဆွဲခံရတာဖြစ်တယ်။ အသံလည်း ဘာမှမကြားတော့ လိုက်ရှာတဲ့အချိန် လူကို မတွေ့တော့ဘူး။ အဝတ်စားအစနဲ့ သွေးတွေဘဲ တွေ့တော့တယ်”ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့အောက်တိုဘာလ ၁၇ရက်နေ့တွင် လူစုဖွဲ့ပြီး ပြန်လည်ရှာဖွေမှုပြုလုပ်ရာ ၎င်းတို့ နေထိုင်သည့်နေရာနှင့် တစ်မိုင်ကျော်အကွာတွင် ကျားကိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
“အလောင်းကိုတော့ ဒီမနက်မှာ ပြန်တွေ့တယ်။ ဘယ်ဘက်ခြေထောက်တော့ ကျားစားသွားတယ်။ ညာဘက်ခြေထောက်က ကျားကိုက်ဒဏ်ရာတွေချည်း။ တွေ့တဲ့အချိန်မှာ လူက အသက်မရှိတော့ဘူး။ အလောင်းကို မိသားစုဝင်တွေဆီ အကြောင်းကြားထားတယ်။ ဘယ်လိုစီစဥ်ဆောင်ရွက်မလဲဆိုတာ မသိရသေးဘူး” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့မနက်က မလေးရှားအာဏာပိုင်အဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဆလိုင်းဟုန်းရှိန်းဖေသည် မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၀နှစ်ဝန်းကျင်ရှိပြီး ၎င်းသည် အမျိုးသမီးနှင့် သားသမီးများ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
ယခုလ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ရှိ ရာဘာခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဘက်မှ အသက် ၂၀ ကျော်အရွယ် မောင်အောင်မြင့် ဆိုသူမှာလည်း တောဆင်ရိုင်း နင်းမိ၍ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း Mro (Khami) Community Committee တာဝန်ခံထံက သိရှိရသည်။
#မလေးရှား#ချင်းအမျိုးသား#ကျားဆွဲခံရ#သေဆုံး
#Ayeyarwaddy_Times