
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ညနေ ၆ နာရီမှစ၍ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် ချင်းကာကွယ်ရေးတပ် – ဟားခါးက ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အသိပေးထုတ်ပြန်လိုက်သည်။
ဟားခါးမြို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည့်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူထံမှ သိရသည်။
“စစ်ကောင်စီက အခုရက်ပိုင်းတွင်း သူတို့ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေ ထိုးစစ်ဆင်လာသလို မြို့တွင်းပြန်လည်စိုးမိုးရေးအတွက် လုံခြုံရေး လှည့်ကင်းတွေ ဆောင်ရွက်နေတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ထိတွေ့မှုတွေရှိလာနိုင်တယ်။ ထိတွေ့မှုရှိလာတဲ့အခါ ပြည်သူတွေအနေနဲ့ ထိခိုက်မှုမရှိအောင် ညဘက်တွေအပြင်မထွက်ဖို့ လိုအပ်တယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဟားခါးမြို့တွင်း ပြန်လည်စိုးမိုးရေးနှင့် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် ဟားခါး – ထန်တလန်ကြားက စခန်းများ ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းများ ထိုးစစ်ဆင်နေကြောင်း CDF-Hakha တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ဟားခါးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လမ်းဆုံ၊ လမ်းခွ နေရာများနှင့် လူစည်ကားသည့်နေရာများတွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးခြင်း၊ မြို့အပြင်တွင် လှည့်ကင်းပတ်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။
“ဟားခါးမှာ ရဲတွေ၊ စစ်သားတွေ အရင်ကထက် စစ်ဆေးမှုတွေ ပြန်လုပ်လာပြီ။ ပြီးတော့ အရင်က သူတို့ မရောက်နိုင်တဲ့နေရာတွေမှာတောင် အင်အားအများကြီးနဲ့ ကင်းတွေပတ်တယ်။ တိုက်ပွဲတွေပြန်ဖြစ်တော့မလား စိုးရိမ်ရတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ထန်တလန်မြို့ တိုက်ပွဲတွင် ဟားခါးမြို့မှ စစ်ကောင်စီတပ်သည် နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း သိရှိရသည်။
#ဟားခါးမြို့ #အပြင်ထွက်သွားလာခြင်း #မပြုလုပ်ရန် #CDF-Hakha #အသိပေးထုတ်ပြန်
#Ayeyarwaddy_Times