ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ရက်

ကချင်ပြည်နယ်၊ ပန်ဝါမြို့နှင့် ၃မိုင်ခန့်သာကွာတော့သည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်၏ ချန်းယင်ခူးဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၁၇ရက်နေ့ နံနက် ၅နာရီအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့သည့် ချန်းယင်ခူး ဂိတ်စခန်း ၊ ကန်ပိုက်တီလမ်းပေါ် လဖိုင်နှင့် နယ်ခြားစောင့်တပ် နခတ-၁၀၀၃ ကြားရှိ ဒွန်ဘန်ခတံတား ဂိတ်စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

“မနက်ကတည်းက ချန်းယင်ခူးဘက်တိုက်ပွဲပြင်းထန်နေတာ။ လဖိုင်ဘက်ကတော့ ပြည်သူ့စစ်ပဲရှိတာ ဆိုတော့ သိမ်းနိုင်ထားတယ်။ စစ်တပ်ရှိလည်း သိမ်းနိုင်တာပါပဲ။ အကုန်တပ်ပျက်နေတာ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကန်ပိုက်တီလမ်း စင်ကျိုင်ကျေးရွာရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် နခတ ၁၀၀၃ တပ်ကိုလည်း KIAက ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း သိရသည်။

ပန်ဝါဒေသတွင် ဦးဇခုန်တိန့်ယိန်း လက်အောက်ခံ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာနှင့် ဖီမော်ကျေးရွာအနီး တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုတ်ပြေအနီးတွင် တပ်ရင်း ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီအနီး ဝေါ်ချုံးဒေသတွင် ၁၀၀၃ ဟာဆိုကာ တပ်ရင်း သုံးရင်းကို ကချင်အထူးဒေသ (၁) အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။

ကချင်အထူးဒေသ (၁) ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ လောက်ပြေကို KIA က သိမ်းပိုက် ရရှိခဲ့ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီကလည်း မြေပြင် ခုခံစစ်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက် အပြီး ပန်ဝါဒေသကို KIAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ပန်ဝါ‌ဒေသရှိ ဒေသခံ ၅၀၀ကျော်မှာ မြို့ပေါ်သို့ပြောင်းရွှေ့လာကြပြီး အချို့မှာ ပြည်သူ့စစ်အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)

#ကချင် #ပန်ဝါ #စစ်ကောင်စီ #နယ်ခြားစောင့်စခန်းများ #KIA #တိုက်ခိုက် #သိမ်းပိုက် #Ayeyarwaddy_Times