ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကုလားပြင် (ရတနာမြိုင်) ကျေးရွာမှ ကြွေချိုင်ကမ်းခြေအထိ တပ်ဆုတ် လာရသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီနှင့် AAတို့သည် ယနေ့ အောက်တိုဘာ ၁၇ရက်နေ့က ဂွမြို့နယ် သပြုချောင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ကျရောက်ကာ ပျက်စီးထိခိုက်မှုများ ရှိကြောင်း သိရသည်။

“တိုက်ပွဲ ခဏငြိမ်သွားတာ ၄ ရက်လောက်ရှိပြီ။ မနေ့ကတော့ လေကြောင်းရော မြေပြင်ရော ရေကြောင်းကရော တအုန်းအုန်းနဲ့ပစ်ကြတာ။ သပြုချောင်းက ဒေသခံတွေ အကုန်စစ်ရှောင်ရတယ် ကြားတယ်။ ဖုန်းလိုင်းကလည်း နေရာတချို့မှာပဲမိတော့တယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၆ရက်နေ့က ကြွေချိုင်ကျေးရွာထိတပ်ဆုတ်လာရသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာ AA တပ်မှာ စစ်ကောင်စီအထိုင်ချထားသည့် တပ်စခန်းကိုပါကျော်လွန်၍ ကြွေချိုင်ကျေးရွာ ကွက်သစ်အနောက်ဘက်တောင်ကုန်းနှင့် အရှိုချင်းတိုင်းရင်းသားများနေထိုင်သည့် ရွာအနီးအထိပါ တိုက်ပွဲရောက်ရှိလာကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ကူ နှင့် လေကြောင်းပစ်ကူအပြင် ရေတပ်သင်္ဘော (နေဗီ) များမှပါ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကုလားပြင်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်က ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီး၍ ကြွေချိုင်ကျေးရွာအထိ တပ်ဆုတ်လာခြင်းဖြစ်သည်။

ထိုသို့ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ကို AA က လိုက်လံတိုက်ခိုက်ရာ ကြွေချိုင် တိုင်ကျိုးနှင့် သပြုချောင်း ကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ရက်နေ့က ဂွမြို့နယ်ရှိ ကူးတို့လေးကျေးရွာကို ဗုံးကြဲခဲ့ပြီးနောက် ဘဲအင်း၊ ဒယ်ဘုတ်၊ သပြုချောင်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ ယမန်နေ့တွင် တိုက်ပွဲအရှိန်မြင့်၍ ပြင်းထန်လာခြင်း ဖြစ်သည်။

#ဂွ #ကြွေချိုင် #စစ်ကောင်စီ #တပ်ဆုတ် #AA #လိာက်လံတိုက်ခိုက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times