ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
အိမ်နံရံ၌ ချိတ်ဆွဲထားသော ပြက္ခဒိန်စာရွက်ပေါ်တွင်မူ ယခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှစ၍ သီတင်းကျွတ်လ စတင်သည်ဟု ဆိုသည်။
မြန်မာ ၁၂ လရာသီများအနက် သီတင်းကျွတ်လသည် သတ္တမမြောက် လဖြစ်ပြီး သီတင်းကျွတ် ဟူသည့် အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲ ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။
သီတင်းကျွတ်လပြည်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် “အဘိဓမ္မာအခါတော်နေ့ ” ဖြစ်ပြီး မြန်မာ နိုင်ငံသာမက ဗုဒ္ဓဘာသာ နိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် သီရိ လင်္ကာနိုင်ငံများတွင်လည်း နံ့သာဆီမီးတို့ဖြင့်ပူဇော်ခြင်း၊ ဆီမီးမျှောခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။
မြန်မာတို့သည် သီတင်းကျွတ်လကို ဆီမီးပူဇော်ခြင်းအပြင် ဘုရားကျောင်းသွားပုံရိပ်များ၊ အားလပ်ရက် အလည်အပတ်ထွက်ကြသည့်ပုံရိပ်များ၊ မီးပုံးရောင်စုံနှင့် ပျော်ရွှင်နေသောကလေးငယ်တို့၏ ပုံရိပ်များ၊ ကန်တော့ပစ္စည်းအမျိုးအစားအစုံအလင်ဖြင့် ကန်တော့ခံကြသည့် လူကြီးမိဘများ၏ ပုံရိပ်တို့ဖြင့်ပါ ဆက်လက်သရုပ်ဖော်သည်။
ထိုသို့ မြန်မာတို့၏ သီတင်းကျွတ်ကာလ ပျော်ရွှင်ဖွယ်ပုံရိပ်များက ယခုအခါတွင် သရုပ်ဖော်ပုံများ၊ ပန်းချီများ၊ ပိတ်ကားများနှင့် ပိုစတာနံရံကပ်စာစောင်များတွင်သာတည်ရှိနေတော့သည်။
စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ သုံးနှစ်ကျော်ရောက်ရှိလာချိန်တွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေး ပိုမိုကျပ်တည်းလာကြပြီး အထွေ ထွေကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသည်။
အိမ်ထောင်စုတိုင်းတွင် ဝယ်ယူသုံးစွဲနိုင်သည့် အရေအတွက် ကျဆင်းလာသည်။ ယခုကျရောက်သည့် ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယ ကန်တော့ပွဲအတွက် ပြည်သူလူထုသည်မပျော်ရွှင်နိုင်ဘဲ စိတ်မောလူမောဖြစ်နေရသည်။
“ ကုန်ဈေးနှုန်းတွေက အကုန်တက်နေတော့ ကန်တော့ဖို့အတော်စဉ်းစားရတယ်။ အရင်လို သုံးထောင် ၊ လေးထောင်နဲ့ မုန့်ကောင်းကောင်းမရတော့ဘူး။ အနည်း ဆုံးတစ်သောင်းပဲ။ ပုဆိုးတစ်ထည်အနည်းဆုံး သုံးသောင်း။ ပါတိတ်ဝမ်းဆက်တစ်စုံ သုံးသောင်းခွဲ အဲ့ဒါတောင်အကောင်းစားမဟုတ်ဘူး။ ကန်တော့ ဖို့တွေးရင်းနဲ့ ရတဲ့လစာကုန်ပြီ ” ဟု အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဖြစ်သူ မခင်ငြိမ်းက ရင်မောစွာဆိုသည်။
ကလေး နှစ်ယောက်မိခင် မခင်ငြိမ်းတို့တွင် မိသားစုဝင် လေးဦးရှိပြီး အမျိုး သားမှာ လခစားကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည်။ မခင်ငြိမ်း၏ ကလေးနှစ်ဦးမှာ ကျောင်းနေအရွယ်နှင့် နို့စို့အရွယ် ကလေးငယ်များ ဖြစ်သည်။
လက်ရှိကုန်ဈေးနှုန်း မြင့်တက်နေချိန်တွင် အရာရာချင့်ချိန်သုံးစွဲနေရသည့် မခင်ငြိမ်းအဖို့ လူကြီး သူမများကို စိတ်ရှိတိုင်း ကန်တော့နိုင်ခြင်းမရှိတော့ပေ။
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် ပန်းပွားကြိုး၊ ဖဲကြိုးချည်ကာ အလှဆင်ထားသော နိုင်ငံခြားဖြစ်မုန့်မျိုးစုံ၊ ဖြည့်စွက်စာ၊ အဖျော်ယမကာ၊ အအေးမျိုးစုံထည့်ထားသော ကြိမ်ခြင်းထောင်းများစသည်ဖြင့် ကန်တော့ပစ္စည်းများခင်းကျင်းထားသည်။
မြန်မာပြည်ထုတ်ကုန် လက်ဖက်ရည်၊ ကော်ဖီ၊ ယိုမျိုးစုံများစုထားသည့်ကန်တော့ခြင်းများ၊ အဖျော်ယမကာနှင့်အအေးစုံခြင်းတောင်း၊ Ensure နှင့် ငှက်သိုက်များပါဝင်ပေါင်းထည့်ထားသည့် ကန်တော့ခြင်းများကိုလည်း ခင်းကျင်းထားသည်။
ထိုသို့ လှပပြည့်စုံသောကန်တော့ခြင်းများ၏ ဈေးနှုန်းက ကျပ် တစ်သိန်းကျော်အထက်တွင်ပင် ဖြစ်သည်။
ယခင်က ဈေးဝယ်စင်တာနှင့် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ဖြည့်စွက်အစား အစာနှင့်ကော်ဖီ၊ မုန့်များ စားသောက်စရာအစုံအလင်တစ်ခြင်းကို ကျပ် သုံးသောင်းမှ ငါးသောင်းကြားသာရှိသည်။
မြို့အတွင်းရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များ၊ ရပ်ကွက်ဈေးများတွင် မွေးနေ့ကိတ်ပုံစံ ခရင်မ် (cream) ရောင်စုံဖြင့် သဏ္ဍာန်မျိုးစုံ ပုံဖော်ထားသည့် ကိတ်သေးသေးထည့်ထားသောဗူးများ၊ ဘီစကွက်ဗူးကြီးများကို လူမြင်သာစေရန်ဆိုင်ရှေ့ခင်းကျင်းထားကြသည်။ ဆိုင်အနည်းငယ်သာ သီတင်းကျွတ် ကာလအတွက် အထူးသီးသန့်ခင်းကျင်းထားနိုင်ခြင်းဖြစ်သည်။
ထို့ပြင်လူကြီး၊ ကလေးများအကြိုက် အသီးအနှံများလည်းဈေးကြီးသည်။ ပန်းသီး၊ ပန်းသစ်တော်၊ စပျစ်သီးနှင့် လိမ္မော်သီးတစ်လုံးလျှင် ကျပ်ငါးထောင်အနည်းဆုံးပင်ဖြစ်သည်။
“ အရင်ကတော့ မုန့်တွေ ငှက်သိုက်တွေနဲ့ ကန်တော့တယ်။ အသီးအနှံရော။ ဒီနှစ်က ငှက်သိုက် တစ်ခါ သောက်တစ်ဗူးတောင် တစ်သောင်းခွဲနားကပ်နေတော့ ခြောက်လုံးတစ်ကတ်ဆို မနည်းဘူး။ အမေ ကြိုက်ပေမယ့် အဲ့ဒါ ဝယ် မကန်တော့ နိုင်တော့ဘူးလေ။ အခု ချည်ပိတ်စလေးပဲ ဝယ်ကန်တော့မယ်” ဟု ကလေးနှစ်ယောက်အမေ မခင်ငြိမ်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်ကပင် ငှက်သိုက်အားဖြည့်ဆေး၊ မုန့်၊ အဝတ်အစားများက ယခုနှစ်လောက် ဈေးတက်ခြင်းမရှိသေးသော်လည်း ယခုနှစ်ထဲမှာပင် ကုန်ဈေးနှုန်းနှစ်ဆ၊ သုံးဆနီးပါးထပ်မံမြင့်တက်လာ၍ ယခုလို မသုံး မဖြစ်သည့်နေရာများတွင်သာ ငွေကြေးသုံးစွဲနိုင်ကြောင်း မခင်ငြိမ်းက ဆက်လက်ပြောကြားသည်။
“အရင်က မုန့်တွေ အဝတ်အစားတွေနဲ့ ကန်တော့တယ်။ ဒီနှစ်တော့ ဆန်၊ ဆီ နဲ့ ကိတ်မုန့်လောက်ပဲ ကန်တော့ လိုက်တယ်” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီသည် သီတင်းကျွတ်ပွဲတော် စည်ကားစေရန်အတွက် အောက် တိုဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် အသေးစားအလတ်စား ထုတ်ကုန်ဈေးရောင်းပွဲကို ရန်ကုန်ရှိ ပြည်သူ့ရင်ပြင်တွင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ အဆိုပါနေ့များတွင်ပင် အတွင်းရုံး(ဝန်ကြီးများရုံး) တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော် ကျင်းပမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရသည်။ လူသုံးကုန်ပစ္စည်းများ၊ လက်ဝတ်ရတနာဆိုင်၊ ကလေးပစ္စည်းဆိုင်၊ စားသောက်တန်းများပါဝင်ပြီး အနုပညာပျော်ပွဲရွှင်ပွဲများပါဝင်ကြောင်းသိရသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မိခင်ဖြစ်ခဲ့ဖူးသော မယ်တော်မိနတ်သားကို ဝါတွင်းသုံးလ တရားဟောကြား တော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှလူ့ပြည်သို့ ပြန်ဆင်းလာသောကြောင့် ဘုရားရှင်ကို မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြခြင်းဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပခြင်းဖြစ်ဟု ဆိုကြသည်။
သီတင်းကျွတ်လသည် ရဟန်းသံဃာတော်များသီတင်းသုံးသည့် နေရာမှဝါဆိုပြီးနောက် လွတ်လပ်သွားသဖြင့် ဝါကျွတ်လဟူ၍ခေါ်ဝေါ်သည်။
ထို့ပြင်ဝါကျွတ်ကန်တော့ပွဲသည် ရတနာသုံးပါးနှင့် ရဟန်းသံဃာများကို ပူဇော်ကန်တော့ခြင်း၊ ဘိုးဘွား မိဘသက်ကြီးရွယ်အိုများနှင့် ဆရာသမားတို့ကိုပူဇော်ကန်တော့ကြခြင်းဖြစ်သည်။
လက်ရှိတွင်ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်များကဲ့သို့ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကို ကန်တော့ပစ္စည်းအဖြစ် အသုံးပြုရသည့် ခေတ်ပြန်ရောက်သွားကြောင်း ဆိုကြသည်။
သီတင်းကျွတ်ကို သရုပ်ဖော်ထားသည့် ဆီမီးပူဇော်ရန်၊ ကလေးငယ်များဆော့ကစားနိုင်ရန် စက္ကူမီးပုံးများရောင်းချသူ ဈေးသည် တစ်ဦးနှစ်ဦးသာတွေ့ရသည်။ ယုန်ပုံစံတွန်းလှည်းမီးပုံးလေးများ၏ ဘီးလုံးများကို ရာဘာဘီးလုံး အစားကော်ဘီးလုံးများ အသုံးပြုလာသည်ကိုတွေ့ရသည်။
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗားကရာချောက်အနီး ရောင်စုံမီးပုံးအများဆုံး ထုတ်လုပ်ရာ ပင်ရင်းဌာနတွင် ငွေကြေးအရင်းအနှီး၊ ဝါး၊နှီး ကုန်ကြမ်းအခက်အခဲများကြောင့် မီးပုံးထုတ်လုပ်မှု နည်းပါးလာ ကြောင်းသိရသည်။
“သီတင်းကျွတ်ဆိုတော့ မြေးလေးအတွက်ဝယ်ရတာ။ ယုန်တွန်းလှည်းလေး နှစ်ထောင့်ငါးရာ ပေးရတယ်” ဟု တက္ကစီမောင်းသူအမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါယုန် သဏ္ဌာန်ဖော်ထားသည့် မီးပုံးပုံစံ တွန်းလှည်းတုတ်တံက ကော်ချောင်းရှည်နှင့်ဖြစ်ပြီး ဘီးလုံးက ကော်ဘီလုံးဖြစ်သည်။ ယုန်ပုံစံလေးတစ်ခုသာ နှီးဖြင့်ပုံဖော်ထားသည်။ ယခင်ကလို တွန်း လှည်းတစ်စီးလုံး နှီးဖြင့်ပြုလုပ်ထားခြင်း မဟုတ်တော့ပေ။
လက်ရှိတွင် ငွေကြေးအခက်အခဲများကြောင့် သီတင်းကျွတ်အခါသမယတွင် အများစုသည် အိမ်တွင်း မီးပုံးများကို မချိတ်ဆွဲနိုင်တော့ပေ။
မီတာခဈေးကြီး၍ လျှပ်စစ်မီးလုံးများ လင်းထိန်နေအောင်မချိတ်ဆွဲနိုင်၊ သီတင်းကျွတ် အလှဆင် ပစ္စည်းများ မသုံးနိုင်တော့ချေ။ လူကြီးသူမများကို သီတင်းကျွတ်ကန်တော့ရာတွင် မျက်နှာပန်းလှလှ မကန်တော့နိုင်တော့ပေ။
အရာအားလုံးကို ချင့်ချိန်သုံးစွဲနေရကြောင်းကို အိမ်ရှင်မတစ်ဦးဖြစ်သည့် မခင်ငြိမ်းက ယခုလို ဆိုသည်။
“ သီတင်းကျွတ်ဆိုတော့ မဖြစ်မနေကန်တော့ရတာပဲ။ အရင်လိုအများကြီးတော့ မသုံးနိုင်တော့ဘူး။ ဈေးတွေကြီးတော့ လူကြီးတွေကို အများကြီးမကန်တော့နိုင်တော့ဘူး”
#မပျော်ရွှင်နိုင်သောသီတင်းကျွတ် #သတင်းဆောင်းပါး #Ayeyarwaddy_Times