ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

တော်လှန်ရေးတပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် နယ်မြေများ ဆက်တိုက် သိမ်းယူနေသော်လည်း နေပြည်တော်တွင် ဆို၊က၊ရေး၊တီးပြိုင်ပွဲများကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်၍ တခမ်းတနား ကျင်းပနေကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများစုဝေးရာ နေပြည်တော်ကောင်စီနယ်မြေတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် ဆို၊က၊ရေး၊တီးပြိုင်ပွဲကို ကျင်းပလျက်ရှိကြောင်း စစ်ကောင်စီ၏ဝါဒဖြန့် သတင်းစာများတွင် အကျယ်တဝင့် ဖော်ပြလျက် ရှိသည်။

နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်ခန်းမအပါအဝင် အမျိုးသားပြတိုက်နှင့် နေပြည်တော် ကဇာတ်ရုံ တို့တွင် ဆို၊က၊ရေး၊တီးပြိုင်ပွဲကို ကျင်းပနေပြီး အဆို ပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ အကပြိုင်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗေးရှင်းဗဟိုဌာန (MIC) အတွင်းရှိ ခန်းမများတွင်လည်း ကျင်းပနေ ကြောင်း သိရသည်။

ထိုကဲ့သို့ ဆို၊က၊ရေး၊တီးပြိုင်ပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန် တစ်ဖက်တွင်မူ စစ်ကိုင်းတိုင်းအတွက် အရေးပါသည့် နယ်မြေတစ်ခုနှင့် ရှမ်းမြောက်ရှိ နယ်မြေတစ်ခုတို့ကို စစ်ကောင်စီက ဆုံးရှုံးလိုက်ရပြီဖြစ် သည်။

“သူပုန်လို့သတ်မှတ်ထားတဲ့သူတွေက သူတို့လုပ်သင့်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်တယ်။ စစ်ရေး ကာလမှာလည်း စစ်ရေးကိုအာရုံစိုက်ပြီး တိုက်ပွဲဖော်ဆောင်သလို စစ်ရှောင်တွေကိုလည်း ကြည့်ရှု ထောက်ပံ့တာတွေ တောက်လျှောက်လုပ်နေတယ်။ တပ်ချုပ်ကတော့ စစ်တိုက်မှာလား၊ ပွဲလုပ်မှာလား ဘာလုပ်မယ်မသိဘူး။ သုံ့ပန်းတွေကိုလည်းမကယ်ဘူး။ ထွက်ပြေးရတဲ့ ငယ်သားတွေဆို ကယ်ဖို့ဝေးလို့ စကားထဲတောင်မပါဘူး။ အခြေအနေတွေက တော်တော်တော့ကွာခြားလာပြီ” ဟု စစ်တပ်အရာရှိ မိသားစု ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့၌ စစ်ကိုင်းတိုင်း ကောလင်းခရိုင်ရှိ ပင်လည်ဘူးမြို့ကို အမှတ် (၁) စစ်ဒေသဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။

ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့် ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တွင် မဟာဗျူဟာကျသည့် မြို့ဖြစ်သည့်အပြင် ကသုံးလုံးနယ်မြေဖြစ်သည့် ကောလင်း၊ ကသာ၊ ကလေးနယ်မြေများကို အဓိကထိန်းချုပ်နိုင်သည့်မြို့လည်းဖြစ်သည်။

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းသည် စစ်ကောင်စီတပ်၏ အရေးပါသော ခံစစ် လိုင်းတစ်ခုကို ဖြိုဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ထို့အပြင် သိမ်းပိုက်ထားသည့် ပင်လည်ဘူးမြို့ကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သွားရောက် စစ်ဆေးပြီး လက်နက်ချအညံ့ခံ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို သွားရောက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

အလားတူ ရှမ်းမြောက်တွင် စစ်ရေးအရ အရေးပါအချက်အခြာကျသည့် သီပေါမြို့ကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကသိမ်းပိုက်ခဲ့ သည်။

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ တပ်မိသားစုဝင် ကလေးနှင့်အမျိုး သမီးများအပါအဝင် ၁၉၁ ဦးကို လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုသို့ အရေးပါအချက်အခြာကျသည့် နယ်မြေများ ဆုံးရှုံးပြီး လက်အောက်ငယ်သားများ အဖမ်းခံရ၍ စစ်သုံ့ပန်းနှင့် စစ်စခန်းစွန့်ခွာ၍ လက်လွှတ်ထွက်ပြေးနေရသော်လည်း နေပြည်တော်တွင်မူ ဆို၊က၊ရေး၊တီးပြိုင်ပွဲ တခမ်းတနားကျင်း ပလျက်ရှိသည်။

ပုံစာ- (၂၅) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ ဖွင့်ပွဲတွင်တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်ူးအောင်လှိုင်
ပုံစာ-ပင်လယ်ဘူးမြို့ကို သွားရောက်ကြည့်ရှုနေသော NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်
#နယ်မြေ #ဆုံးရှုံး #စစ်ခေါင်းဆောင် #ဆိုကရေးတီး #တခမ်းတနားကျင်းပ #Ayeyarwaddy_Times