ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဂွနှင့်နယ်မြေချင်းနီးစပ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ နယ်မြေအချို့ကို စစ်ကောင်စီက စစ်ကြောင်း ထိုးနေကြောင်း သိရသည်။

ယခု အောက်တိုဘာ ဒုတိယပတ်တွင် ဧရာဝတီတိုင်းအတွင်းရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ချောင်းသာနှင့် ငွေဆောင်တို့တွင် စစ်ကောင်စီက စစ်ကြောင်းထိုးကာ လုံခြုံရေး ဂိတ်များတွင်လည်း အင်အားတိုးချဲ့ ချထားကြောင်း သိရသည်။

“အခု ခရီးသွားရာသီမို့ ဧည့်သည်တအားလာတယ်။ ညတိုင်းလိုလို ဧည့်စာရင်းစစ်တယ်။ အင်အား အတော်များများနဲ့ကို စစ်နေတာ။ ရခိုင်စစ်ရှောင်တွေဆို ပိုရစ်တာပေါ့။ ဂွမှာ စစ်က တအားဖြစ်နေတော့ အဲ့ဒီ့ကနေ AA တပ်ဖွဲ့တွေ ဧရာဝတီတိုင်းထဲဝင်လာမှာကို စစ်တပ်က စိုးရိမ်နေတာ။ လမ်းပိုင်းလုံခြုံရေးတွေလည်း အင်အားတိုးချဲ့ထားတယ်” ဟု ချောင်းသာရှိ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဂွ- ငသိုင်းချောင်းကြားရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင်လည်း စစ်အင်အားတိုးချဲ့ကာ လက်နက်ကြီး အထိုင်ချ၍ ဂွရှိတိုက်ပွဲများသို့ ပစ်ကူပေးနေကြောင်း သိရသည်။

ထို့အပြင် ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်ဆုတ်သွားရာ ဆပ်သွားအနောက်ဘက် ဆားချက်ကြီး၊ ဆင်ကူးနှင့် ကျောင်းတောင်ဘက်တို့ကိုလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလျက်ရှိသည်။

AA က ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင်၊ ဘဲအင်း၊ ဒယ်ဘုတ်၊ ဘဝင်၊ ကုလားပြင်အထိ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီတပ်သည် ကြွေချိုင်ကမ်းခြေဘက်ထိ ဆုတ်ခွာလာရကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းတိုက်ပွဲများကြောင့် ဒေသခံအချို့မှာ ဂွမြို့ပေါ်သို့ စစ်ရှောင်ရန်ပြေးလာရာ ဂွမြို့တောင်ဘက်၊ ဂွ- သံတွဲလမ်းရှိ ရွာသစ်ကုန်း စစ်ကောင်စီတံတားဂိတ်တွင် စစ်ရှောင်များကို မြို့ပေါ်စစ်ရှောင်ခွင့်မပေးဘဲ ပိတ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ရာနှင့်ချီရှိသည့် စစ်ရှောင်များကို မြို့အတွင်း ပေးမဝင်ဘဲ ပိတ်ထားသည့်အတွက် စစ်ကောင်စီ လုံခြုံရေးဂိတ်များတွင် ပိတ်မိနေကြောင်း သိရသည်။

#ဂွ #ဧရာဝတီ #စစ်ကောင်စီ #စစ်ကြောင်းထိုး #လုံခြုံးရေး #အင်အားတိုးချဲ့ #Ayeyarwaddy_Times