
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီး တောတွင်းတစ်နေရာတွင် လက်နက်များနှင့် စခန်းတစ်ခုကို အောက်တိုဘာ ၁၄ ရက်နေ့က သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက သတင်းဖော်ပြထားချက်အရ သိရသည်။
“PDFစခန်းတစ်ခု တွေ့တာလို့ပြောတယ်။ အဲ့နေရာတွေကို စစ်ကြောင်းက လတိုင်းထိုးနေတာ၊ ခုရက်ပိုင်းလဲအင်အား၅၀လောက်နဲ့ ရှာနေကြတာတော့တွေ့တယ်။ တိုက်ပွဲဖြစ်လားတော့ ကိုယ်တွေမမြင်ရတော့ အတည်ပြုလို့တော့မရဘူး။ သတင်းရလို့ ရှာနေတာတော့ကြာနေပြီ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီးတွင်သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDFတစ်ဦး အရှင်မိကာ တစ်ဦးသေဆုံးကြောင်းနှင့် M-16 သေနတ် တစ်လက်၊တစ်တောင့်ထိုးရိုင်ဖယ် တစ်လက်၊ FCG9 MK-2 တစ်လက်၊ လက်လုပ်သေနတ် လေးလက်၊လက်လုပ်ပစ္စတိုသေနတ် တစ်လက်၊ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၅၀ တောင့်၊ တိုက်မိုင်း တစ်လုံးသိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရိူ့ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီဘက်မှသတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ လက်နက်များနှင့် စခန်းတစ်ခုကို စစ်ကောင်စီဘက်မှ သိမ်းဆည်းရမိခြင်းနှင့် ပတ်သတ်ပြီး ကြံခင်းမြို့နယ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသော ပိုးစုကြီးကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့ကလည်း စစ်ကောင်စီထံတွင် စစ်မှုထမ်းဆောင်လိုခြင်းမရှိပဲ PDFအဖွဲ့သို့ ၀င်ရောက်လိုသူ လူငယ်တစ်ဦးကို လာရောက်ခေါ်ဆောင်သည့် ရိုးမဧရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်းအား စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးခဲ့သေးသည်။
#ကြံခင်းမြို့နယ် #လက်နက်ခဲယမ်းများ #စခန်းတစ်ခု #သိမ်းဆည်းခံရ #Ayeyarwaddy_Times