ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဝင်ရန်မရှိနိုင်သဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားပြီး လာမည့်နှစ်ရက်အတွင်း ကမ်းရိုးတန်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် အနောက် – အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်း – အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ချင်းနိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်းပါဝင်သည်။

လာမည့်နှစ်ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် ( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီလက်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်သည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတဝန်းမှ အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆုတ်ခွာသွားပြီဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သောလေဖိအားနည်း ရပ်ဝန်းအခြေအနေများကြောင့် မိုးရွာသွန်းနိုင်ခြေဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုး/ဇလ
#ဘင်္ဂလားပင်လယ်အော် #အနောက်ပိုင်း #မုန်တိုင်းငယ် #မြန်မာနိုင်ငံ #Ayeyarwaddy_Times