နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

အာဏာသိမ်းလိုက်သည့်အတွက် ပျက်ပြယ်သွားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တလွဲအသုံးချနေသည့် အပြည်ပြည်ဆိုင်ရာ ထိပ်တန်းရာဇဝတ် ကျုးလွန်နေသူ စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးစရာ မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) က ပြောကြားသည်။

စစ်ကောင်စီသည် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် အင်အားနည်း လက်ကျန်အပစ်ရပ် အဖွဲ့များနှင့် ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို တော်လှန်နေသော EROs များကို ရည်ရွယ်၍ နိုင်ငံရေး အမြတ်ထုတ်နေသူများဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင်စွပ်စွဲခဲ့သည်။

NCA ကို အခြေခံ၍ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးသည် စစ်ကောင်စီက အာဏာသိမ်းကာ ဖျက်ဆီးခဲ့သောကြောင့် ဖော်ဆောင်၍ မရတော့ကြောင်း NCA တွင် PNLO/PNLA ဥက္ကဋ္ဌအဖြစ် ဦးဆောင်လက်မှတ် ရေးထိုးခဲ့သော လက်ရှိ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“NCA နဲ့ ပတ်သက်ပြီး အကောင်အထည် ဖော်နေတယ်လို့ ပြောနေကြတဲ့ စစ်ကောင်စီရော၊ NCA ကို အကောင်အထည်ဖော်ဖို့ စုဖွဲ့မှုတွေ လုပ်နေကြတယ်ဆိုတဲ့ တချို့သော နိုင်ငံရေးပါတီတွေရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အားလုံးဟာ NCA အရ လုပ်နေကြတာ မဟုတ်ဘူး။ NCA ကို တလွဲအသုံးချပြီးတော့ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်နေကြတာ” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ယခင် စစ်တပ် အာဏာမသိမ်းခင်က NCA နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပရာတွင် NCA လက်မှတ် ရေးထိုးသူအားလုံးက ပြည့်ပြည့်ဝဝဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပြီး လက်မှတ်ရေးထိုးထားခြင်း မရှိသည့် EROs များလည်း တက်ရောက်အားပေး ချီးမြှင့်ကြသော်လည်း လက်ရှိတွင်မူ စစ်ကောင်စီနှင့် ပတ်သက်နီးစပ်သူများသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခင်နှစ်က NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို လူကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဗွီဒီယိုမိန့်ခွန်းသာ ပေးပို့ခဲ့ပြီး အခွင့်အခါကိုစောင့်၍ အခြေအနေပေးရင်ပေးသလို ကတိကဝတ်များအား ချိုးဖောက်ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေသည့် EAO (တိုင်းရင်းသားလက်နက်ကိုင်)များ ပေါ်ပေါက်လာဟု စွပ်စွဲ ပြောဆိုခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ ထိပ်တန်းရာဇဝတ်ကောင်ရဲ့ တောင်စဉ်ရေမရပြောနေတဲ့ တန်ဖိုးမဲ့စကားတွေပေါ် အချိန်ကုန်ခံပြီး ဘာမှ မတုံ့ပြန်ချင်ပါဘူး” ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မည်သည့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အဖိနှိပ်ခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေး အင်အားစု အားလုံးနှင့် ဟန်ချက်ညီညီ လက်ချင်းချိတ်၍ အဆုံးတိုင် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ဆက်လက်ပြောသည်။

ထို NCA ကို အကောင်အထည် ဖော်ဆောင်ရန် ပြည်သူက ရွေးကောက်တင်မြှောက်သည့် အစိုးရ၊ လွှတ်တော်တို့ ရှိရမည်ဖြစ်ပြီး ယင်း NCA စာချုပ်အရ ပြည်သူ၏ ရန်သူဖြစ်သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေး၍ မရရှိကြောင်း ပြည်သူနှင့်အတူ တော်လှန် နေသော EROs များက ဝေဖန်ထောက်ပြကြသည်။

စစ်အာဏာ မသိမ်းခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စသည့် အဖွဲ့ (၁၀) ဖွဲ့က NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် ပတ်သက်နေသည့် အဖွဲ့တချို့သာ ကျန်ရှိသည်။

“စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက NCA နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်အားလုံး ပျက်ပြယ် သွားပါပြီ။ NCA တခန်းရပ်သွားပြီလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ NCA ကို အမြဲချိုးဖောက် နေတာလည်း စစ်တပ်ပဲ။ သူ့အကျိုးစီးပွားအတွက် လိုသလို သုံးနေတာလည်း စစ်တပ်ပဲ“ ဟု ABSDF တွဲဖက်အတွင်းရေးမှုး (၁) ရဲဘော်ကျော်ကျော်လင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ NCA အခမ်းအနားကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#NCA #တလွဲအသုံးချ #အပြည်ပြည်ဆိုင်ရာ #ထိပ်တန်းရာဇဝတ်ကျုးလွန်နေသူ #စစ်ကောင်စီ #နိုင်ငံရေး #ဆွေးနွေးစရာမရှိ #EROs #Ayeyarwaddy_Times