
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် (နမခ)တပ်အတွင်းသို့ ရောက်ရှိနေသည့် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဒရုန်းဗုံးများဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဒုချုပ်စိုးဝင်း အစည်း အဝေးပြုလုပ်နေသည့် စစ်ရုံးချုပ်အတွင်းသို့ ကာမီကာဇေဒရုန်းတစ်စီး ဖြင့်လည်းကောင်း၊ နမခ တပ်အတွင်း ရပ်နားထားသည့် ဒုချုပ်စိုးဝင်း၏ ရဟတ်ယာဉ်တစ်စီးအနီးသို့လည်းကောင်း ဖောက်ခွဲတိုက် ခိုက်ခံခဲ့ရပြီး တော်လှန်ရေးတပ် ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဒုစစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ကောင်စီအရာရှိများ၊ စစ်ကိုင်းတိုင်း စစ်ကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒုချုပ်စိုးဝင်း လုံခြုံရေးနှင့်ဆိုင်သည့်ကိစ္စရပ်များ ညွှန်ကြားရန် တိုင်းစစ်ဌာနချုပ်များသို့ သွားရောက်တိုင်း အစည်းအဝေးနေရာ ပေါက်ကြားပြီး တော်လှန်ရေးတပ်ဖွဲ့များက ကာမီကာဇေအသေခံဒရုန်းများသုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်မှာ ယခုအကြိမ်နှင့်ဆိုပါက တတိယအကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မွန်ပြည်နယ်အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းသို့ ဒုချုပ် စိုးဝင်းရောက်ရှိလာပြီး မြဝတီရှိ မြို့စောင့်တပ်ကို ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးနှင့် စစ်ရေးအစီ အစဉ်များ ဦးဆောင်ချမှတ်သည့် အစည်းအဝေးပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ အသေခံဒရုန်းများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ယင်းသို့ နေရာအတိအကျပစ်မှတ်ထား၍ တိုက်ခိုက်ခံ ရပြီးနောက် ဒုချုပ်စိုးဝင်းသည် စစ်ကောင်စီအခမ်း အနားနှင့် အရေးကြီးအစည်းအဝေးပွဲများ၌ တက် ရောက်ခြင်းမရှိတော့ဘဲ လူမြင်ကွင်းမှ လနှင့်ချီကြာ၍ ကွယ်ပျောက်သွားခဲ့သည်။
ဒုချုပ်စိုးဝင်း ပြန်လည်ထွက်လာပြီး မန္တလေးတိုင်း၊ မတ္တရာနှင့် မြင်းခြံတို့တွင် စစ်စခန်းများ ဆုံးရှုံး နေရသည်ကို ဦးစီး၍ စစ်ရေးအရအရေးသာနိုင်ရန် စီမံချက်များ ချမှတ်ဖို့အတွက် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လာရောက်ဦးစီးစဉ် စက်တင်ဘာ ၃ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့ များ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ယခုတစ်ကြိမ် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီအဖွဲ့များနှင့် တွေ့ဆုံပြီး စစ်ခေါင်းဆောင်ပြောကြားခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန် ရွေးကောက်ပွဲများ ကျင်းပနိုင်အောင် လုပ်ဆောင်နေကြောင်းနှင့် ပြည်သူ့ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန် စသည်တို့ကို လာ ရောက်ပြောကြားစဉ်တွင် ထပ်မံ၍ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ထိုသို့ ပစ်ခတ်ခံရမှုတွင် ဒုစစ်ခေါင်းဆောင်နှင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်ပြီး သိရှိရခြင်း မရှိသော်လည်း တိုင်းစစ်ဌာနချုပ်ကဲ့သို့ လုံခြုံရေးထူထပ်ပြီး သတင်းမပေါက်ကြားစေရန် အထူး အာရုံစိုက်ထားရသည့် ခရီးစဉ်တိုင်း တိုက်ခိုက်ခံရသည့် အခြေအနေပေါ်တွင် ဒုစစ်ခေါင်းဆောင်သာမက စစ်ကောင်စီ အသိုင်းအဝိုင်းအတွင်း၌ စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် နိုင်ငံတော် ဒုဝန်ကြီးချုပ်နေရာကို ရယူထားသလို ဒုတိယစစ်ခေါင်း ဆောင်လည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၏ အရေးပါသည့် ခရီးစဉ်တိုင်းကို ထောက် လှမ်း၍ တိုက်ခိုက်ခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုပါက သုံးကြိမ်တိုင် တိုက်ခိုက်နိုင်ခဲ့ ခြင်းဖြစ် သည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-စစ်ကိုင်းတိုင်းသို့ ရောက်ရှိနေသည့် ဒုစစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းအား အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
#စစ်ဌာနချုပ်များ #ဒရုန်းဗုံးကြဲခံရ #ဒုစစ်ခေါင်းဆောင် #ဒုချုပ်စိုးဝင်း #စစ်ကိုင်း #ထပ်မံတိုက်ခိုက်ခံရ #Ayeyarwaddy_Times