ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

ကမ္ဘာ့နိုင်ငံများတွင် ဘီလီယံပေါင်းများစွာသော ကလေးငယ်များ၊ အမျိုးသမီးနှင့် အမျိုးသားများက ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ကိုအမှန်ကြုံတွေ့နေရသဖြင့် ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးအရှိန်ဟုန်မြှင့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြား ခဲ့သည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ် ရရှိရေး လူသားတိုင်း စားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်ပေး” ဟူ၍ ဖြစ်သည်။

ကမ္ဘာ့ပေါ်တွင် ဂါဇာနှင့် ဆူဒန်နိုင်ငံများတွင်လူပယောဂကြောင့် အစာရေစာရှားပါးမှုကြုံတွေ့နေရပြီး ပဋိပက္ခ၊ ပစ်ပယ်ခံရမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကျဆင်းမှုစသည်တို့ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေရသူ လူပေါင်း ၇၃၃ သန်းရှိပြီး မြန်မာနိုင်ငံမှ ၁၃ သန်းကျော်ပါဝင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( FAO) ထုတ်ပြန်ချက်အရသိရသည်။

” ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထုတ်လုပ် ရောင်းချရေးတွေအားပေးဖို့အစိုးရတွေကမိတ်ဖက်အားလုံးနဲ့လက်တွဲလုပ်ရပါမယ်။ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင် ကြရအောင်” ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင်မုတ်သုံမိုးကြီးခြင်းကြောင့် မြို့နယ်ပေါင်း ၃၃၀ ထဲမှ ၇၀ တွင် ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာရခြင်းများရှိကာ လူဦးရေ တစ်သန်းကျော် ရေဘေးသင့်ခဲ့ရပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများရေနစ်မြှပ်မှုသဖြင့် အသက်မွေးဝမ်းကျောင်းအကြီးအကျယ်ထိခိုက် ခံစားရသည်။

ထို့ပြင်လယ်ယာစိုက်ပျိုးရေးမှနေ၍ ထုတ်လုပ်မှုလျော့ကျနိုင်သဖြင့် စားနပ်ရိက္ခာဖူလှုံရေးအတွက် ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့ UNOCHAM ထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စားနပ်ရိက္ခာစနစ်များညီလာခံတွင် စားနပ်ရိက္ခာစနစ်များပေါ်တွင် တည်ရှိနေသော စွမ်းဆောင်ရည်မပြည့်မီမှုများနှင့် သာတူညီမျှမရှိခြင်းကို ကိုင်တွယ်ဖြေရှင်းရန်လမ်းကြောင်းချမှတ်ခဲ့ ကြောင်း၊ ပိုမိုကောင်းမွတ်သောဘဝနှင့်အနာဂတ်တို့အတွက် စားနပ်ရိက္ခာရရှိရန်အခွင့်အရေး ထိန်းသိမ်း ရေး အတူလုပ်ဆောင်ရန် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။

ဓာတ်ပုံ – ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
#ကမ္ဘာ့စားနပ်ရိက္ခာနေ့ #worldfoodday #ငတ်မွတ်မှုလျော့ချရန် #အာဟာရချိူ့တဲ့မှုတိုက်ဖျက်ရန် #Ayeyarwaddy_Times