ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ သန်းခေါင်းစာရင်း လိုက်ကောက်နေသော ပုဂံငဆော်(ခ)ဆော်လီ ပစ်ခတ်ခံရကြောင်း သိရသည်။

ပုဂံမြို့ရပ်ကွက်တစ်ခုတွင် ယမန်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်ခန့်က စစ်ကောင်စီနှင့်ပူးပေါင်းကာ သန်းခေါင်းစာရင်းကောက်ယူနေသော ပုဂံ ငဆော်(ခ)ဆော်လီကို ပုဂံပြည်ဘီလူးတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“သန်းခေါင်းစာရင်းကောက်နေချိန် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ပုဂံငဆော်က အိမ်မှာမနေတာ များတယ်။ သူ့အိတ်ထဲမှာ အမြဲ အတိုတစ်လက် ကိုင်ဆောင်ထားတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်”ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

သေဆုံးသွားသည့် ပုဂံငဆော်ဆိုသူသည် ရဲခစန်းတွင် အနေများပြီး စစ်ကောင်စီက ပေးထားသည့် သေနတ် ပစ္စတိုတစ်လက်ကို အမြဲကိုင်ဆောင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့အချိန်မရတော့ သူ့ဆီက သေနတ်ကို မယူနိုင်ခဲ့ပါဘူး။ လုံခြုံရေးတွေကြားထဲက လုပ်ရတာဆိုတော့ အမြန်ရှင်း၊ အမြန်ပြန်ဆုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သန်းခေါင်း စာရင်းလိုက်မကောက်ကြဖို့ သတိပေးစာထုတ်ပြန်ပြီး သားဖြစ်ပါတယ်”ဟု ကိုဇီးက ပြောသည်။

ပုဂံ‌ငဆော်ဆိုသူသည် ပုဂံမြို့ပေါ်မှ လူငယ်အများစုကို စစ်ကောင်စီအလိုကျ PDF နှင့် PDF ထောက်ပို့ဟု စွပ်စွဲ၍ ဖမ်းဆီးငွေညှစ်ကာ ပုဂံတစ်မြို့လုံးရှိ လူငယ်များကို ဒုက္ခပေးနေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့ က ဆိုသည်။

ပုဂံသည် ရေပေါ်ဆီများ အပန်းဖြေနေရာမဟုတ်ကြောင်းနှင့် တစ်တိုင်းပြည်လုံး ဒုက္ခဆင်းရဲရောက်နေချိန် ပုဂံတွင်လာရောက်ပျော်ပါးသူများအနေဖြင့် စစ်ကောင်စီယာဉ်တန်းများနှင့် အဝေးဆုံးနေပေးကြပါရန်၊ စစ်ကောင်စီနှင့်ဆက်‌နွယ်သည့်သူများ ပိုင်ဆိုင်သည့် စားသောက်ဆိုင်များတွင် စားသောက်ခြင်း မပြုကြရန် ပုဂံပြည်ဘီလူးတပ်က သတိပေးထားသည်။

ပုံစာ-သေနတ်ဖြင့် ပစ်ခတ်ခံရသူ ပုဂံငဆော်

#မန္တလေး #ပုဂံ #စစ်ကောင်စီ #သန်းခေါင်စာရင်းကောက်ယူ #ပစ်ခတ် #ပုဂံပြည်ဘီလူးတပ် #Ayeyarwaddy_Times