
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်
ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၁၆ ဦးတို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့်တပ်က ကယ်တင်၍ သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း AAက ထုတ်ပြန် ထားသည်။
အာရက္ခတပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများကို ဆက်သွယ်၍ ယမန်နေ့ အောက်တိုဘာ ၁၄ရက်၊ ညနေ ၆နာရီ ၁၅မိနစ်ခန့်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Shaporir ဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦးအား ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ ၁၄ ဦး၊ တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ တစ်ဦး၊ ကော့ဘာဇာမြို့၊ ဖီးချားရီက ကျေးရွာမှ တစ်ဦး စုစုပေါင်းရေလုပ်သား ၁၆ ဦး ပါဝင်သော မော်တော်ဘုတ်တစ်စီးသည် ပြီးခဲ့သည့် စက်တင်ဘာ၂၈ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဘင်္ဂလားပင် လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့ကြသည်။
နှစ်ပတ်ခန့်ကြာမြင့်မည့် ငါးဖမ်းလုပ်ငန်းကို “ဟာမာအူလာစ်” မှ ဦးဆောင်လာခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်ခန့်အကြာ အောက်တိုဘာ ၄ ရက်နေ့၊ ညနေ (၆) နာရီခန့်တွင် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ ၆၀ ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကိုခံခဲ့ရကာ ၎င်းတို့၏ မော်တော် ဘုတ်ထဲတွင်ပင် ဖမ်းဆီးလှောင်ပိတ်ခဲ့သည်။
အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် ဟာမာအူလာစ်တို့၏ ဘုတ်ကို ၎င်းတို့၏ မော်တော်ဘုတ် သုံး စီးဖြင့် ဝိုင်းရံ၍ လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ခြိမ်းခြောက် ထားခဲ့ကြောင်း သိရသည်။
ထို့နောက် ရေလုပ်သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ဘုတ်တွင် ပါလာသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားသည့်အပြင် ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမားများအားလုံးကို မော်တော် ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင် ထားခဲ့ကြောင်း သိရသည်။
ပင်လယ်ဓားပြများသည် ဖမ်းဆီးထားသူများကို ရခိုင်ပြည်နယ် မောင်တောမြို့၊ ကျောက်ပန္ဒူ ကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားသည်ကို အာရက္ခကမ်းခြေစောင့်တပ်က အောက်တိုဘာ ၇ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တွေ့ရှိ၍ ကမ်းတင်ဘုတ်တွင်ပါလာသော ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား ၁၆ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း AA က ဆိုသည်။
AA အနေဖြင့် ထိုသို့ ကယ်တင်ထားစဉ်တွင် ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- AA Info Desk
#ရခိုင် #မောင်တော #ဘင်္ဂလားဒေ့ရှ်နိုင်ငံသား #ငါးဖမ်းသူ၁၆ဦး #ပင်လယ်ဓားပြများ #ဖမ်းဆီး #AA #ကယ်တင်ပြန်ပို့ #Ayeyarwaddy_Times