ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများကို သီတင်းကျွတ်ကာလ လာရောက်လည်ပတ်သည့် ခရီးသွားများသည့်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမှာ ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေ​ကြောင်း သိရသည်။

ပုသိမ်- ရန်ကုန်ကားလမ်းပေါ် ရှိ ပန်းတိုင်စစ်ဆေးရေးဂိတ်နှင့် ပုသိမ်မြို့အ၀င် ကိုးဆူ ဂိတ်တွင် အနယ်နယ်အရပ်ရပ်က ခရီးသွားများ ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်သူခရီးသွားယာဥ်များနဲ့ ပြည့်နှက်လျှက်ရှိကြာင်းကုန်တင်ယာဉ်မောင်းများထံက သိရသည်။

“မနက်၄နာရီထဲက ပန်တိုင်ဂိတ်မှာလာပိတ်နေကြတာ။ အများဆုံးတွေ့ရတာတော့ အိမ်စီးကားတွေ မိသားစုလိုက် လာလည်တဲ့သဘောပေါ့။ကုမ္ပဏီတို့ ဆိုင်လုပ်သားတွေစုပြီး ကမ်းခြေလာတဲ့လေအိတ်ကားကြီးမျိုးတွေလည်းတွေ့တယ်။ လမ်းကမနက်ကတည်းက ဖြေးဖြေးမောင်းနေရတယ်”ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လာရောက်လည်ပတ်သည့် ယာဥ်များအပြင် ရန်ကုန်-ပုသိမ်ကားလမ်းအချို့နေရာများတွင် ပြုပြင်နေသောကြောင့် ယခင်က လေးနာရီကြာခရီးကို ရှစ်နာရီကြာ မောင်းနှင်နေရကြောင်း သိရသည်။

“တွေ့မိသလောက်တော့ ဧရာ၀တီတိုင်းကလူတွေ လာလည်တာမဟုတ်ဘူး။ တစ်ခြားဒေသကလူတွေဒီမှာကမ်းခြေမှာလာပြီးစုနေကြသလိုဖြစ်နေတာ။ ရန်ကုန်နဲ့မန္တလေးတို့ ပဲခူးတို့ဘက်က သူတွေများတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

မြန်မာနိုင်ငံရှိဒေသအများစုတွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် လက်ရှိတွင် စစ်ဖြစ်ပွားခြင်းမရှိသော ဧရာ၀တီတိုင်းရှိကမ်းခြေများကို သီတင်းကျွတ်ကာလ လာရောက်လည်ပတ်သူ များပြားလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

#ချောင်းသာ #ငွေဆောင် #ရန်ကုန် #ပုသိမ်ကားလမ်း #ယာဉ်ကြောပိတ် #Ayeyarwaddy_Times