ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်နယ်ခြားစောင့်စခန်း နခခ ၅၊ မြို့သူကြီးကို အာရက္ခတပ်တော် (AA) က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ ကလည်း လေကြောင်းမှ နေ့စဉ်ဗုံးကြဲနေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာ ၁၄ရက် နံနက် ၆နာရီ ၃၀မိနစ်ခန့်မှ စတင်၍ နံနက် ၈နာရီအထိ Y 12 လေယာဉ်ဖြင့် မောင်တောမြို့ပေါ်သို့ ဗုံအလုံးရေ ၃၀ ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး နံနက် ၈နာရီမှ ၉နာရီ ၃၀မိနစ်အထိ ဂျက်တိုက်လေယာဉ် လေးစီးဖြင့် နခခ-၅ မြို့သူကြီး အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း လေကြောင်းမှ စစ်လက်နက်နှင့် ရိက္ခာများ မချခင် နေ့လယ် ၁နာရီ ၃၀မိနစ်တွင် နခခ ၅ အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး Y- 12 လေယာဉ်ဖြင့် စားနပ်ရိက္ခာထုတ်နှင့် လက်နက်၊ ခဲယမ်းထုတ်များကို ချပေးခဲ့သည်။

နခခ-၅ မြို့သူကြီးအတွင်းသို့ Y 12 လေယာဉ်ဖြင့် တစ်ကြိမ်လျှင် ရိက္ခာထုတ် နှစ်ထုပ် ဖြင့် အကြိမ်ရေ ငါးကြိမ်ခန့် ချပေးခဲ့ကြောင်း သိရသည်။

“ရိက္ခာနဲ့ လက်နက်တွေကို အထုတ်တွေနဲ့ နခခ-၅ ထဲလာချတာ။ အထုတ်တွေမချခင် လေကြောင်း တိုက်ခိုက်မှု အရင်လုပ်တယ်။ ပြီးမှအထုတ်တွေချတာ။ စခန်းထဲကနေလည်း နေ့ရော ညရော လက်နက်ကြီးတွေနဲ့ထုတာ။ တိုက်ပွဲကအပြင်းထန်ဆုံး ဖြစ်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မောင်တော နခခ ၅မကျစေရေး လေကြောင်းမှတိုက်ခိုက်သည့်အပြင် နခခ၅အတွင်းမှ လက်နက်ကြများအပြင် ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် လူနေရပ်ကွက်များသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့က မောင်တောရှိ နေအိမ် ၁၀၀ ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မြေပြင် ထောက်ပို့လမ်းကြောင်းများကို AA က ပိတ်ဆို့ခံထားရသည့်အတွက် နခခ ၅ သို့ ရိက္ခာ၊ လက်နက်ပေးပို့ရာတွင် လေကြောင်းမှ အဓိကထားပေးပို့လျက်ရှိပြီး စက်တင်ဘာ နောက်ဆုံး ပတ်မှ ယခု အောက်တိုဘာ ဒုတိယပတ်အထိ လက်နက်နှင့်ရိက္ခာထုတ် ၅၀ ကျော်ခန့် လေကြောင်းမှ ပေးပို့ခဲ့ကြောင်း သိရသည်။

#ရခိုင် #မောင်တော #နခခ၅ #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times