ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

မန္တလေးမြို့တွင် ပြီးခဲ့သည်ရက်ပိုင်းက ဒုရဲအုပ်အဆင့်ရှိ အမျိုးသမီး ယာဉ်ထိန်းရဲမေ တစ်ဦး သေနတ် ပစ်ခတ်ခံရပြီး နောက် ရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်(စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် ဆိုင်ကယ်နှင့်ကားများကို ရဲနှင့်ယာဉ်ထိန်း ၁၀ ဦးဝန်းကျင်ခန့်က ဖမ်းဆီးစစ်ဆေးနေစဉ် အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ရာ အမျိုးသမီးယာဉ်ထိန်း ရဲအရာရှိ ဒုရဲအုပ်ဖူး‌ပွင့်ဇော်၏ ရင်ဘတ်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဉ်ထိန်းရဲမေ သေဆုံးသွား ပါပြီ။ ဒီမနက်ပဲ အတည်ပြုလို့ရတာပါ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောကြားသည်။

ဒုရဲအုပ် ယာဉ်ထိန်းရဲမေ ဖူးပွင့်ဇော် သေဆုံးသွားဒသော်လည်း စစ်ကောင်စီက အမှတ် (၁) စစ်မြေပြင်ဆေး တပ်ရင်းတွင် ဆေးကုသပေးနေကြောင်း စစ်ကောင်စီအာဘော် မန္တလေးနေ့စဉ် သတင်းစာက ဝါဒဖြန့်ထားသည်။

အဆိုပါ ယာဉ်ထိန်းရဲအဖွဲ့သည် မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင် ဈာပနကိုလိုက်လံပို့ ဆောင်သည့် ဒေသခံပြည်သူများကို လမ်းတွင်စစ်ဆေး၍ဖမ်းဆီးခဲ့သည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

ပုံစာ-ဒုရဲအုပ် ယာဉ်ထိန်းရဲမေ ဖူးပွင့်ဇော်ကို ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်

#မန္တလေး #ယာဉ်ထိန်းရဲ #ဒုရဲအုပ် #အမျိုးသမီး #ပစ်ခတ် #သေဆုံး #Ayeyarwaddy_Times