ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်

ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်တောင်ပိုင်း မြို့နယ်များမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ ပြတ်တောက်သွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာမှစတင်ကာ ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်း တစ်ခါတစ်ရံ အသုံးပြု၍ ရနေခဲ့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ဖုန်းအဆက် အသွယ်ပြုလုပ်၍ မရတော့ကြောင်း သိရသည်။

” မာန်အောင်နဲ့ ဂွမှာ မိသားစုတွေရှိတယ်လေ။ ကျွန်မကတော့ ရန်ကုန်ကို စစ်ရှောင်ထွက်လာတာ။ အဲဒါ ပြီးခဲ့တဲ့ရက်က ဖုန်းတွေဆက်မရတော့ဘူး။ မိုင်တဲလ်ကတ်နဲ့ ပထမ မိနေသေးတယ်။ အခုမိုင်တဲလ်ပါဆက်မရဘူး။ ယာယီပိတ်တာလား၊ အကုန်ဖြတ်တောက်လိုက်သလားတော့ မသိသေးဘူး” ဟု ဂွမြို့မှစစ်ရှောင်လာသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည့် အတွက် တိုက်ပွဲအခြေအနေနှင့် စစ်ရေးအခြေအနေများကို မသိရတော့ဘဲ မိသားစုများနှင့် တစ်ကွဲတစ်ပြားစီ စစ်ရှောင်နေရသူများအတွက် အခက်အခဲများ ကြုံရကြောင်း သိရသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း အဝင်အထွက်ကို ပိတ်ဆို့ထားပြီး ယခု ရခိုင်တောင်ပိုင်းတွင်ပါ အဆက်အသွယ်များ ပြတ်တောက်ပိတ်ဆို့သွားခြင်းဖြစ်သည်။

ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် သတင်း စီးဆင်းမှုနှောင့်နှေးပြီး ပြည်နယ်အတွင်းရှိ စစ်ရှောင်များမှာ တိုက်ပွဲအတွင်း ပိတ်မိနေမည်ကို အထူးစိုးရိမ်နေကြကြောင်း စစ်ရှောင် မိသားစုဝင်များက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက သတင်းအမှောင်ချကာ လူ့အခွင့်ရေးချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သည်ကို ဒေသခံများနှင့် နီးစပ်သူများက စိုးရိမ်လျက်ရှိသည်။

ယခုအခါ မာန်အောင်၊ ဂွ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့များတွင်ပါ ဖုန်းလိုင်း ၊အင်တာနက်လိုင်း များပြတ်တောက်နေပြီး အချို့သော ဆက်သွယ်ရေးလိုင်းများဖြင့် ဆက်သွယ်ရနိုင်သော လိုင်းများပါ အဆက်အသွယ် ပြုလုပ်၍ မရတော့ကြောင်း ဒေသခံများနှင့် နီးစပ်သူများထံက သိရသည်။

#ရခိုင် #တောင်ပိုင်း #စစ်ကောင်စီ #ဖုန်းလိုင်း #အင်တာနက်လိုင်း #ပြတ်တောက် #Ayeyarwaddy_Times