ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုပြောဆိုကာ အောက်တိုဘာလ ပထမပတ်ကစတင်ပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကငွေတောင်းယူနေကြောင်း ဒေသခံများကပြောသည်။

ဘိုကလေးမြို့နယ်၊ ကျူံစလူ ငြုပ်ကောင်းကျေးရွာအုပ်စုတွင် တစ်အိမ်ထောင်လျှင် သုံးသောင်းကျပ် မဖြစ်မနေထည့်ရမည်ဟု ပြောဆိုကာ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမူး၊ ရာအိမ်
မူး၊ဆယ်အိမ်မူးများက တစ်အိမ်တက်ဆင်း ကောက်ယူသွားကြောင်း ဒေသခံများကပြောသည်။

“စစ်မှုထမ်း ယခုတစ်ပတ်အတွက် လူထည့်ရမယ်လို့ ပြောပြီး ပိုက်ဆံတွေကောက်ယူသွားကြတာ။ စစ်မှုထမ်းတစ်ယောက်ထည့်ရင် တစ်ခါ အုပ်စုမှာ ငွေတွေကောက် အမြဲအဲဒီလိုလုပ်နေကြတာ။ နောက်ပြီး သူတို့သားသမီးတွေကြတော့ မဲနှိုက်ခိုင်းတာတို့ စစ်မှုထမ်းတာတို့ကို ကင်းလွတ်ခွင့်ပေးထားကြတာ”ဟု ငြုပ်ကောင်းကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဧရာဝတီတိုင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ အမျိုးမျိုး ငွေများကောက်ယူနေပြီး စီးပွားဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ယခု အောက်တိုဘာလ ပထမပတ်အတွင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စုတွင် ပျုစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အသက်ပြည့်ပြီး လူငယ်များကို ကျပ်ငွေ နှစ်သိန်းငါးသောင်း တောင်းယူနေကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းရှိ လူငယ်များကို ပုသိမ်မြို့၊ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးကျောင်းနှင့် အင်္ဂပူမြို့နယ်ရှိ ကွင်းကောက် အမှတ်(၅)စစ်ကောင်စီ တန်းမြှင့် သင်တန်းကျောင်းများကို စစ်မှုထမ်းသင်တန်းတက်ရန် အဆက်မပြတ်ပို့ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) နှင့် အမှတ်စဥ်(၅)တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားသလို အမှတ်စဥ်(၁) ပြည်သူ့စစ်မှုထမ်းမခေါ်မှီ ပြည်ပသို့ တိတ်တစိတ်ကြိုတင်စေလွှတ်မှုများရှိခဲ့ပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ဘိုကလေး #ပြည်သူ့စစ်မှုထမ်း #ထောက်ပံ့ရန်အတွက်ဟုဆိုကာ #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကငွေတောင်း #Ayeyarwaddy_Times