
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
တစ်နေ့လျှင် ၁၂ နာရီကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခံနေရသော ရန်ကုန်မြို့တွင် စစ်ကောင်စီက စက်တင်ဘာလမှစတင်ကာ ဓာတ်အားခတိုးကောက်ပြီးနောက် ယင်းလအတွက်မီတာခ နှစ်ဆနီးပါး ပေးဆောင်ရကြောင်း ရန်ကုန်လူထုထံက သိရသည်။
စစ်ကောင်စီက ဓာတ်အားခတိုးကောက်မည်ဟုကြေညာပြီးနောက်ပိုင်း လျှပ်စစ်ချွေတာသုံးစွဲသော်လည်း ယူနစ်ပိုင်းခြားကောက်ယူသဖြင့် ထောင်ဂဏန်းမှသောင်းဂဏန်းနှင့် သောင်းဂဏန်းမှ သိန်းဂဏန်းထိ ဓာတ်အားခများပြားနေကြောင်း သိရသည်။
“မီတာခတွေက နှစ်ဆ သုံးဆနီးပဲ။ အိမ်မှာ ဘာမှမသုံးဘူး။ မီးလာချိန် ကလေးရှိလို့ အဲယားကွန်းဖွင့်တာပဲရှိတယ်။ ကျန်တာအိမ်သုံးပစွည်း ရေခဲသေတ္တာသုံး၊ ဟင်းချက်တယ်။ အဲဒါ သုံး၊လေးသောင်းကနေ သိန်းကျော်သွားတယ်” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း လျှပ်စစ်ယူနစ် ၄၂၀ သုံးစွဲရာတွင် မီတာခ ၄၅,၅၅၀ ကျပ်ကျပြီး စက်တင်ဘာလတွင် ယူနစ် ၃၆၄ လျော့ချသုံးစွဲသော်လည်း မီတာခ ၇၂,၂၀၀ ကျပ် မီတာဘေလ် ကျကြောင်း ပန်းဘဲတန်းမြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ယခင်ယူနစ် ၈၅၀ အတွက် မီတာခ ၉၉၃၀၀ ကျပ်ပြီး ယခုယူနစ် ၇၅၇ အတွက် ၁၉၀၂၀၀ ကျပ်ကျကြောင်း၊ ယခင် ၁၁၈ ယူနစ်ကို ၈၅၃၀ ကျပ်ပေးဆောင်ရသော်လည်း ယခု ၁၄၅ ယူနစ်အတွက် ၁၄၇၅၀ ကျပ်ပေးဆောင်ရကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးထံက သိရသည်။
” မီးမလာဘဲမီတာခတွေ ဘယ်လိုကောက်နေလဲမသိဘူး။ လူမရှိတဲ့အိမ်မှာ မီတာခ ၈၀၀၀ ကျတယ်။ ဆောင်ဖို့ရက် သုံးရက်လောက်ကျော်ရင်ကို မီးဖြတ်မယ်ဆိုပြီး လျှပ်စစ်ကလူတွေရောက်လာတယ် ” ဟု မရမ်းကုန်းမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဓာတ်အားခပြောင်းလဲရာတွင် အိမ်သုံးအမျိုးအစား ၁ ယူနစ်မှ ၅၀ ယူနစ်ကို ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်ကို ၁၀၀ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်ကို ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်ပြောင်းလဲတောင်းခံသည်။
ထို့ပြင် အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင် ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်ကို ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်ကို ၄၀၀ ကျပ်နှင့် ၂၀၀၀၁ ယူနစ်နှင့်အထက်ကို ၅၀၀ ကျပ်ကောက်ယူခြင်းဖြစ်သည်။
ဓာတ်ပုံ- ဧရာဝတီတိုင်းမ် ၊ လူမှုကွန်ရက်
#မီတာခနှစ်ဆနီးပါးကျ #စစ်ကောင်စီဓာတ်အားခတိုး #Ayeyarwaddy_Times