ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား လက်လွှတ်ဆုံးရှုံးလိုက်ရသည့် တပ်စခန်းများကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ကဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ခုနှစ်စီးဖြင့် ဟားခါး – ထန်တလန်ကြားရှိ ချင်းလဲန်းကောင်စီ(CC) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိထားသည့် တပ်စခန်းများသို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လုံခါရ်တောင်အနီးတွင် CC တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်အကျဆုံးဖြင့် တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဟားခါး – ထန်တလန် ကားလမ်းပေါ်ရှိ ကြောင်ထီးယားကျေးရွာကို စစ်ကောင်စီက ည ၁၁ နာရီအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ထန်တလန်မြို့ထဲ ဗုံးကြဲပြီးအပြန် ကြောင်ထီးယားရွာကို ဗုံးကြဲသွားတာဖြစ်တယ်။ ရွာရဲ့အဝင် ဆိုင်းဘုတ်အနားမှာ ဗုံးကျပေါက်ကွဲသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အခုရက်ပိုင်း ရွာတွေဘက်မှာ စစ်သားတွေ အင်အားအများကြီးနဲ့စစ်ကြောင်းထိုးတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း CC တပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိထားသည့် C3 တောင် တပ်စခန်းကို ဟားခါးမြို့မှ စစ်ကောင်စီတပ် အင်အားအများပြားဖြင့် ပြန်လည်ထိုးစစ်ဆင်ပြီး မနက် ၁၀ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“မနက် ၁၀ နာရီလောက်က စတိုက်ပွဲဖြစ်တယ်။ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ပွဲပြီးတယ်။ စစ်ကောင်စီဘက်က အထိနာများပြီး တပ်ပြန်ဆုတ်သွားပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သွားပြီးနောက် C3 တောင် တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Tilin Operation 4 စစ်ဆင်ရေးကို ဇူလိုင်လ ၂၂ရက်နေ့မှ စတင်ပြီးနောက် ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားသလို စစ်ကောင်စီ၏ ထန်တလန်မြို့ရှိ ခလရ ၂၆၉၊ CB ဘဏ်၊ လိုင်ဗာ စသည့်စခန်းများကိုလည်း သိမ်းပိုက်ရရှိထားသည်။

လက်ရှိ ထန်တလန်မြို့တွင် စစ်ကောင်စီ ခြေကုပ်နေရာယူထားသည့် ရဲစခန်းနှင့် NLD ရုံး နှစ်နေရာကျန်ရှိနေပြီး အင်အား ၁၀၀ ခန့်ရှိသည့် အဆိုပါနေရာများကို သိမ်းပိုက်ရရှိရေးအတွက် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

#ဟားခါး #ထန်တလန် #တပ်စခန်းများ #စစ်ကောင်စီ #ပြန်လည်ထိုးစစ်ဆင် #Ayeyarwaddy_Times