ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် မေလမှ ဩဂုတ်လအထိ လေးလတာကာလအတွင်း သေဆုံးခဲ့ရသည့် အရပ် သားများအနက် အမျိုးသမီးသေဆုံးမှု အရေ အတွက်မှာ ၉၀ ဦးနှင့်အထက်ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူခြင်းအပါအဝင် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ လေးလတာ ကာလအတွင်း အရပ်သား သေဆုံးသူပေါင်း ၄၅၅ ဦးရှိခဲ့ပြီး ၈၁၉ ဦး အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများအနက် အမျိုးသမီးအ‌ရေအတွက်မှာ ၉၀ ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ပြီး အမျိုးသား ၈၂ ဦး သေဆုံးကာ ၂၄၃ ဦးမှာ ကျား၊မ ခွဲခြားသိရခြင်းမရှိကြောင်း သိရသည်။

ထို့ပြင်စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၇၆ ကြိမ်အထိရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူ အရပ်သားပေါင်း ၄၀၀ ကျော်အထိရှိခဲ့ကြောင်းလည်း အစီရင်ခံစာအရသိရသည်။

“အခုက ရခိုင်ပြည်တစ်ခုပဲ စစ်နယ်‌ဖြစ်နေတာ။ တပ်တော်သိမ်းထားတဲ့နေရာတွေကို စစ်တပ်က အရပ်သားတွေကို ရည်ရွယ်ပြီး တမင် ဗုံးကြဲတယ်။ စစ်ဖြစ်နေတဲ့ ဂွတို့ အမ်းတို့လိုနေရာမျိုးကျ စစ်ဖြစ်လို့ကြဲတယ်။ တောင်ကုတ်လို စစ်မက်မဖြစ်ဘဲ စောင့်ကြည့်ခံနေရတဲ့နေရာကိုတော့ AA ရှိနိုင်တယ်ဆိုပြီး ဗုံးကြဲနေတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အများဆုံးမြို့နယ်မှာ အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်ထားသည့် သံတွဲမြို့နယ်ဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ၃၅ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၄ ခုနှစ် နှစ်စမှ ဩဂုတ်လအထိ သေဆုံးသူများမှာ ယခင်နှစ် တစ်နှစ်လုံးစာထက် ၂၀၀ ကျော်ပိုမိုများပြားလာခဲ့ပြီး ၈၁၃ ဦးအထိရှိလာကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာပြီး စစ်ကောင်စီ၏ ေလကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့်ဖြစ်စဉ်များတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် အတွက် အမျိုး သမီးများနှင့် ကလေးငယ်များမှာ သေဆုံးမှုပိုမိုမြင့်တက်လာကြောင်း သုတေသနပြုလုပ်ထားသည့် အချက်အလက်များအရသိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏခံရ‌လေ့ရှိသည့် ရခိုင်ပြည်နယ်တွင် ယမန်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ပေါက်အင်းရွာသစ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး နှစ် ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရရှိခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာကာလအတွင်း သေဆုံးသူ စုစုပေါင်း ၁၇၄၉ ဦးအထိ ရှိပြီဖြစ်ကာ ၂၄၅၃ ဦးအထိ ဒဏ်ရာရရှိခဲ့ကြကြောင်းအစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#လေကြောင်းတိုက်ခိုက် #အမျိုးသမီးသေဆုံးမှု #ပိုမိုများပြား #စစ်ကောင်စီ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)