ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ရှမ်းမြောက်၊ တအာင်းတပ်မဟာ (၂) နယ်မြေ သီပေါမြို့နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ခလရ ၂၃ တပ် စခန်းအားလုံးကို TNLA က သိမ်းပိုက်ပြီး သီပေါမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကောင်စီ၏ ခမရ ၅၀၃၊ ခမရ ၅၀၄ နှင့် ခလရ ၂၃ တပ်ရင်းများအပြင် ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုပါ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီ ခန့်တွင် TNLA က သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက သီပေါမြို့မကျစေရေးအတွက် လေ ကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၁၀၅ ကြိမ်၊ Y 12 လေ ယာဉ်ဖြင့် ၁၆၇ ကြိမ်၊ လက်နက်ကြီးဖြင့် ၁၈၉၃ ကြိမ်၊ ရော့ကတ်ဒုံးကျည်ဖြင့် ၈ ကြိမ်နှင့် ဟောင်ဝစ်ဇာဖြင့် ၈ ကြိမ်တိုင် အသုံးပြုပြီး အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ သည်။

စစ်ကောင်စီသည်မြေပြင်ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရသည့်အတွက် လေကြောင်းမှနေ၍ Y 12 ဖြင့် ၇၉ ကြိမ်၊ Y 8 ဖြင့် နှစ်ကြိမ်၊ MI 17 ဖြင့် ၅ ကြိမ်တိုင် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းအထုပ်ပေါင်း ၄၄၀ ထုပ်ကို လာရောက်ကြဲချခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် မြို့သိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ အာပီဂျီ နှစ် လက်၊ စက်လက် ကိုး လက်၊ မိုင်း၊ ခဲယမ်းမျိုး စုံ အမြောက်အများကို သိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီ၏ သီပေါမြို့တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဘက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ ၃၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စာသင်ကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၄၇ လုံး လေ ယာဉ်ဗုံးစထိမှန် မီးလောင်ပျက်စီးသွားခဲ့ကြောင်း TNLA ထံက သိရသည်။

TNLAသည်စ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ ၇၈ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

TNLA သည် ၂၀၂၄ အောက်တိုဘာ ၁၃ ရက် ၁၀၂၇ စစ်ဆင် ရေး အပိုင်း(၂)အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #သီပေါ #TNLA #သိမ်းပိုက် #လက်နက်ခဲယမ်း #ဟောင်ဝစ်ဇာ #Ayeyarwaddy_Times