
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)၏ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်အဖွဲ့ကို အပြစ်ပေး အရေးယူသည့်အနေဖြင့် ယင်းအဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း တာဝန်ရှိသူများထံက သိရသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ၊ (၂) ဖြစ်သော ဗိုလ်မှူး ခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့သည် နုတ်ထွက်ခွင့် ပြုသည်ဟု ဗဟိုကော်မတီ အစည်းအဝေးက မဆုံးဖြတ်ခင် အဖွဲ့အမည်ကို အလွဲသုံးစားပြု၍ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သောကြောင့် အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း PNLO/PNLA က ထုတ်ပြန်သည်။
“အဓိကကတော့ ဖြာခွန်ဥက္ကာတို့က အဖွဲ့ချုပ်ရဲ့ အခြေခံမူတွေအတိုင်း မလုပ်ဆောင်ဘဲနဲ့ အဖွဲ့တစ်ခုကို ထပ်ပြီးတော့မှ ဖွဲ့တဲ့ပုံစံမျိုး လုပ်တဲ့အခါကျတော့ အဖွဲ့ချုပ်ကနေ အဖွဲ့ရဲ့ အခြေခံမူတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေအရ အပြစ်ပေး အရေးယူရတဲ့ အဆင့်မျိုး ဖြစ်သွားတာပေါ့” ဟု PNLO/PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါသုံးဦးသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ PNLO (NCA-S) ဟု ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က တန်ပြန်၍ ယခုကဲ့သို့ ထုတ်ပြန်ကာ PNLO (NCA-S) အဖွဲ့ ဖွဲ့စည်းမှုသည် PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ထုတ်ပယ်မှုအပေါ် အဖွဲ့၏ လာမည့် စတုတ္ထအကြိမ် ညီလာခံတွင် အယူခံဝင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစ၍ NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်သည့်
အခင်းအကျင်း မရှိတော့သော်လည်း PNLO/PNLA သည် NCA ၏ အနှစ်သာရ သုံးချက်အား ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်အထိ သုံးနှစ်တိုင်တိုင် ပါဝင်ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
“အဲဒီလို ဖော်ဆောင်နေတဲ့ အချိန်မှာပဲ နိုင်ငံတဝန်းလုံးမှာ လူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို တစ်နေ့တခြား စစ်တပ်က ပိုပြီးဖျက်ဆီး လုပ်ဆောင်မှုလာတော့ NCA က စာချုပ်အနေနဲ့ပဲ ရှိနေတော့ပြီး ဘယ်လိုမှ အကောင်အထည် ဖော်လို့မရတော့ဘူး” ဟု PNLO/PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။
ယင်း NCA ၏ အနှစ်သာရ သုံးချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများ အကာအကွယ်ပေးရေးတို့ဖြစ်ပြီး စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းများတွင်လည်း ရှစ်နှစ်တိုင်တိုင် ပါဝင်ခဲ့ကြောင်း PNLO ထံက သိရသည်။
သို့သော် အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များကို စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဖျက်ဆီးနေသဖြင့် ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသား ညီလာခံကြီးက ချမှတ်ပေးထားသော အခြေခံမူများနှင့်အညီ PNLO သည် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည်ဆင်နွှဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သည့် PNLO (NCA-S) ကမူ လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန်သည် အဖွဲ့၏ မူဝါဒလမ်းစဉ်များနှင့် သွေဖယ်လျက် (NCA) ကို ပစ်ပယ်ပြီး ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာ ဖွံ့ဖြိုးမှုကို ထိခိုက်စေသော ဒေသတွင်းတိုက်ပွဲများ ဖော်ဆောင်လာသဖြင့် ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ – ဗိုလ်မှူးကြီး ခွန်ဥက္ကာ
#စစ်ကောင်စီ #ဗိုလ်မှူးကြီးခွန်ဥက္ကာ #PNLO #PNLA #ဗိုလ်ချုပ်ခွန်သူရိန် #Ayeyarwaddy_Times